တနင်္ဂနွေနေ့က နော်တင်ဟမ်ဖော်ရက်စ်အသင်းကို ၁ ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အရေးနိမ့်ပြီးတဲ့နောက် လိဒ်ယူနိုက်တက်အသင်းဟာ နည်းပြဂျက်ဆီမာဆက်ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖော်ရက်စ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲပျောက်ကာ အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာကို ရောက်ရှိသွားခဲ့ ရတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း အဆင့် ၁၇ နေရာကိုရောက်ရှိခဲ့လို့ နည်းပြဘီယဲဆာကို ရာထူးက ထုတ်ပယ်ပြီး နည်းပြမာဆက်ကို အစားထိုးခန့်အပ်ခဲ့တာပါ။ လိဒ်ယူနိုက်တက်အသင်းရဲ့ထုတ်ပြန်ချက်မှာ မိမိတို့အနေနဲ့ နည်းပြဂျက်ဆီမာဆက်နဲ့ အဖွဲ့ရဲ့ ကြိုးစားအားထုတ်ပေးခဲ့မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်းနဲ့ နည်းပြသစ်ခန့်အပ်ဖို့ကို ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

လိဂ်ယူနိုက်တက်အသင်းဟာ နည်းပြမာဆက်နဲ့အတူ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ရီနီမာရစ်၊ ကာမီရွန်တိုဆက်၊ ပီရီဘာရူတို့ကိုလည်း ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်ယူအသင်းနဲ့ရင်ဆိုင်ရဖို့ ရှိနေပြီး တနင်္ဂနွေနေ့မှာလည်း မန်ယူအသင်းနဲ့ပဲ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီပွဲတွေမှာတော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ စတင်ခန့်အပ်ခဲ့တဲ့ လက်ထောက်နည်းပြစကူဘာလာ၊ ပါကိုဂယ်လာဒို၊ ခရစ္စအာမက်တို့က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျက်ဆီမာဆက်လက်ထက်မှာ လိဒ်ယူနိုက်တက်အသင်းဟာ အခုရာသီ နိုင်ပွဲ ၄ ပွဲသာ ရခဲ့ပြီး ၆ ပွဲသရေ၊ ၁၀ ပွဲအရေးနိမ့်ခဲ့ပါတယ်။