ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၈)နာရီလောက်ကစပြီး ကန့်ဘလူမြို့၊ ပင့်သာတိုက်နယ်ထဲက ချောင်းခြားရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“ မနေ့က ချောင်းခြားကိုရောက်တော့ PDF တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ သွားပစ်ခဲ့တယ်။ ခွေတွေ တိုက်မိုင်း၊ ဆွဲမိုင်းတွေထိပြီး ကျတယ်လို့လည်းသိရတယ်။ နေ့ခင်း (၁၂)နာရီကျော် ဖလားရရွာရောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ချောင်းခြားရွာကနေတစ်ဆင့် ဖလားရကျေးရွာမှာ ယာယီစခန်းချခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ (၁၆)ရက် နံနက် (၅)နာရီလောက်မှာ ကျင်ဖလားရရွာကထွက်ပြီး ပင့်သာရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ကာ ပင့်သာရွာကနေ မြောက်ဖက်ကို ထွက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့ နံနက် (၆)နာရီလောက်ကစပြီး နေ့လယ် (၁၂)နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ သိရပြီး စစ်ကြောင်းထိုးလာတာတွေကြောင့် အနီးဝန်းကျင်ရှိ ရွာ (၆)ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြေဆိုထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ (၆)ရွာဟာ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာ၊ မကျီးကုန်း စတဲ့ကျေးရွာတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။