ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၆ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြည်သူများထံသို့ သတင်းစကားအစီအစဉ်မှာ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့တဲ့အပြင် လက်တွေ့မှာလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ခြောက်ခြားတုန်လှုပ်စွာနဲ့ တုံ့ပြန်နေတာကို တွေ့နိုင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။
စစ်ရေးအရှိန်မြှင့်ရန်နဲ့ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ တော်လှန်ရေးတပ်များက ပြောဆိုလာတာနဲ့တစ်ပြိုင်နက် နေပြည်တော်မှာ လုံခြုံရေးပိုင်းကို ပိုမိုတိုးမြှင့်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း နေပြည်တော်ကအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က လုံခြုံရေးနဲ့ တည်ငြိမ်ရေး အကောင်အထည်ဖော်ရာမှာ လိုအပ်ချက်တွေရှိနေသေးပြီး စစ်ကိုင်း၊ ချင်းနဲ့ ကယားတို့မှာ လုံခြုံရေးကို ယခုထက်ပိုလုပ်ဖိုလိုတယ်လို့ ပြောဆိုထားပါတယ်။
ကရင်နီဒေသအတွင်းမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီဘက်တို့အကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က အထိနာနေကာ ဒေသတွင်းရှိ ပြည်သူ့စစ်အဖွဲ့အချို့ကလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသတွင်းသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Era’sEye