နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။
ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့် ပွဲချိန်ပထမပိုင်းအပြီးလူစားလဲခဲ့ရပြီး မန်ယူနည်းပြအဲရစ်တန်ဟတ်ကတော့ ဒဏ်ရာကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် လူစားလဲခဲ့ရတာဖြစ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဗာရန်းရဲ့ ဒဏ်ရာဟာ မူလက ထင်ထားတာထင်ပိုမိုဆိုးရွာနိုင်ဖွယ်ရှိပြီး တစ်လခွဲခန့်အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
ဗာရန်းဟာ အခုရာသီ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးကို ပွဲထွက်ကစားခဲ့သူဖြစ်ပြီး ၀ုဗ်နဲ့ရင်ဆိုင်ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
လက်ရှိမန်ယူအသင်းမှာ ကွင်းလယ်လူ မေဆင်မောင့်၊ နောက်ခံလူ လုခ်ရှောတို့လည်း ဒဏ်ရာရနေသလို အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟော့လန်းကလည်း ဒဏ်ရာကြောင့် ပွဲကစားနိုင်ခြင်းမရှိသေးလို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။