အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ချဲလ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်း ဆောင် ဂျော်ဂျင်ဟိုကို ခေါ်ယူလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျော်ဂျင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ၁၈ လစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူဖို့ကမ်းလှမ်းမှု ငြင်းပယ်ခံရပြီး နောက်မှာ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီးနောက်မှာ ဂျော်ဂျင်ဟိုကို ရုတ်တရက်ရောင်းထုတ်လိုက်လို့ ပရိသတ်တွေ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာ ကွင်းလယ်လူတွေဖြစ်တဲ့ အဲလ်နီနီ၊ သောမက်စ်မာတေးတို့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရလို့ ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ဇန်နဝါရီစျေးကွက်အတွင်း အသည်းအသန်ရှာဖွေခဲ့ရာမှာ အခုနောက်ဆုံး ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။