၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
အခု ၂၀၂၄ခုနှစ် နှစ်သစ်မှာ ပြည်သူလူထုတစ်ရပ်လုံးက အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် စွမ်းစွမ်းတမံ ဆက်လက်ပါဝင်ကြမယ်လို့ ယုံကြည်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုနှစ်ဟာ အာဏာရှင်စနစ် ကျဆုံးပြီး ပြည်သူအပေါင်း မျှော်မှန်းတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ဖို့အတွက် အထောက်အပံ့ကောင်းတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ဖို့လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။
အခု (၃)နှစ်တာ ကာလပတ်လုံး ပင်ပန်းဆင်ရဲမှုတွေကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ တစ်ရက်မနားဘဲ ပါဝင်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ဦးညွတ်အလေးပြုကြောင်း ဖော်ပြထားပါတယ်။
ကုန်ဆုံးခဲ့တဲ့ (၃)နှစ်တာကာလတွေဟာ ပြည်သူလူထုအနေနဲ့ ရင်နဲ့မမျှအောင် ဒုက္ခဝေဒနာများစွာ ခံစားခဲ့ကြရတဲ့ နှစ်ကာလတွေ ဖြစ်တာကို ငြင်းဖွယ်ရာမရှိဘူးလို့လည်း GSCB က ပြောဆိုထားပါတယ်။
အခု (၃)နှစ်တာကာလမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ (၄၀၀၀)ထက်မနည်း သေဆုံးကာ (၂၅၀၀၀)ထက်မနည်း မတရား ဖမ်းဆီးအကျဉ်းချခံခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။