ဖေဖော်ဝါရီလ (၂၀)ရက်။
အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေကို သတင်းပေးတိုင်ကြားနိုင်တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေညာခဲ့ပြီးနောက်မှာ ပြည်သူတွေအကြား စိုးရိမ်ပူပန်တာတွေ မြင့်တက်လာခဲ့သလို လူငယ်တွေ မတရားဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုကြေညာတာက အရပ်သားပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းဖို့အတွက် ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေ တဖြည်းဖြည်းများပြားလာနေတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကြေညာချက်နောက်ဆက်တွဲအနေနဲ့ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖို့ ကြိုးပမ်းတာကို ဥပဒေအရ တရားဝင်တဲ့ပုံစံ စစ်အုပ်စုက ပုံဖော်လာနိုင်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို အတင်းအဓမ္မအစဖျောက်တာ ပြုလုပ်လာနိုင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ပြည်သူတွေအနေနဲ့ အတင်းအကြပ် ခြိမ်းခြောက်ပြီး ငွေညှစ်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာတို့ကို ကြုံတွေ့ရနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းတာတွေ ဖြစ်ပေါ်နိုင်ကာ လူကုန်ကူးခံရတာတွေ ကြုံတွေ့ရနိုင်တယ်လို့လဲ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ ကျူးလွန်တာတွေကို NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာကနေ သတင်းပေးပို့တိုင်ကြားတာတွေကို လက်ခံဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ရရှိလာတဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး နိုင်ငံတကာ တရားမျှတမှု နည်းလမ်းတွေကတဆင့် တရားမျှတမှုဖော်ဆောင်တာအပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။