ဇွန်လ (၂)ရက်။
မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။ အဲ့ဒီတိုက်ပွဲက မိနစ်(၃၀)လောက်ကြာတယ်” လို့ ဆိုပါတယ်။
ထားဝယ်မြို့ရှိ ပကာရီရွာကနေ ရေဝိုင်းရွာကို အင်အား(၂၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မိနစ်(၃၀)ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးပြီး အရာရှိတဦး ဒဏ်ရာရခဲ့သလို မေလ (၂၁)ရက်နေ့မှာလဲ ခေါင်တိုင်ပြင်ရွာမှာ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူကရစစ်ကြောင်း၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း (T1)နဲ့ DGRF(ထားဝယ်ပကဖ)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုအချိန်ဟာ တိုက်ပွဲအရှိန် ပိုမိုမြှင့်တင်ဖို့ ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီ၊ ပျုစောထီး၊ ပြည်သူ့စစ်၊ ရဲတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ သတိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန် တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေး အထူးသတိပြုသွားလာနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲ စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းတွေကို လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။







