ဇွန်လ (၂)ရက်။
ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။
သူဟာ အာဏာစသိမ်းဖို့ကြိုးပမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်အုပ်စုက မတရားဖမ်းဆီးတာခံရပြီး ပုဒ်မ-၅၀၅(ခ)နဲ့ ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရပါတယ်။
နောက်ပြီး NLD အရပ်သားအစိုးရလက်ထက်တုန်းကလဲ ၂၀၀၈ခြေ/ဥ ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားတဲ့အတွက် စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။
မင်းထင်ကိုကိုကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးမှာ ဒါရိုက်တာအနေနဲ့ အစောဆုံး ပါဝင်ခဲ့ပြီး နုတ်ထွက်ခဲ့သူပါ။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လုပ်ခဲ့သလို အနုပညာနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။







