ဇန်နဝါရီလ (၂၃) ရက်။
ကိုးကန့်ဒေသထဲ လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ ကိုယ့်အသိစိတ်နဲ့ လာရောက်အပ်နှံကြဖို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ရက်စွဲနဲ့ သတိပေးထားချက်အရ သိရပါတယ်။
ကိုးကန့်ဒေသမှာ လက်နက်ကိုင်ဆောင်တာနဲ့ ရောင်းဝယ်တာတွေကို ဥပဒေနဲ့အညီ တားမြစ်ထားကာ ပုဂ္ဂလိကဝယ်ယူတာ ဒါမှမဟုတ် ကိုးကန့်ရုပ်သေးအဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ကြီး၊ ငယ် ခဲယမ်းတွေကို လာရောက်အပ်နှံဖို့ ဆိုပါတယ်။
လက်နက်ခဲယမ်းတွေကို ဖုံးဝှက်တာ၊ ရောင်းချတာနဲ့ ပေးယူတာတွေ လုံးဝမပြုလုပ်ဖို့နဲ့ ဖေဖော်ဝါရီလ (၅)ရက်နေ့မတိုင်ခင် ဖုံးဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေကို လာအပ်နှံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သတ်မှတ်ထားတဲ့ကာလထဲ လာရောက်အပ်နှံတာမရှိပါက ဖုံးဝှက်ထားတဲ့ လက်နက်ခဲယမ်းအနေနဲ့ သတ်မှတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။
အထူးဒေသထဲက စစ်သားနဲ့ အရပ်သားအချင်းချင်းကြား လက်နက်ခဲယမ်း ရောင်းဝယ်တာ လုံးဝမပြုဖို့နဲ့ လက်နက်ခဲယမ်းရောင်းဝယ်တာက ဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သိရပါတယ်။