ဇွန်လ (၂၆)ရက်။
မနေ့က စစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းတွေရှိ တိုင်းစစ်ဌာနချုပ်တွေမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲတွေကို ရန်ကုန်တိုင်း တိုက်ကြီးမြို့အပါအဝင် နေပြည်တော်၊ မွန်၊ ဟိုပုံးနဲ့ ပင်လောင်း စတဲ့ တိုင်းစစ်ဌာနချုပ်တို့မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလကစကာ အသက်သွင်းခဲ့ပြီးနောက် ဧပြီလကစပြီး စစ်မှုထမ်းအမှတ်စဉ်တစ်ခုကို လူဦးရေ (၅၀၀၀)နှုန်းနဲ့ ခေါ်ယူနေတာပါ။
အခုအခါ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပါအဝင် အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေကြောင့် နိုင်ငံထဲရှိ လူငယ်အများအပြားဟာ ပြည်ပကို ထွက်ခွာတာတွေ ရှိနေပါတယ်။
စစ်ကောင်စီက သင်တန်းပေးထားတဲ့ ပထမအသုတ်က လူ(၅၀၀၀)ကို အခုလကုန်ပိုင်းမှာ စတင်ပြီး တာဝန်ထမ်းဆောင်ခိုင်းတော့မယ်လို့လဲ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ပျက်ကွက်ရင် ထောင်ဒဏ်အထိချမှတ်ဖို့ အမိန့်ပေးထားကာ သင်တန်းအမှတ်စဉ်(၅)မှာ အမျိုးသမီးတွေကို စတင်ခေါ်ယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။