စက်တင်ဘာလ (၂၈)ရက်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုဖြစ်စေမယ့် နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တာကို လူထုပေါင်းစုံက တက်ညီလက်ညီ ဆန့်ကျင်ကြတာကြောင့် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာ တရားမ၀င်တော့တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာလဲ သက်ရောက်တာမရှိတော့ဘူးလို့ ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ တရားမ၀င် အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်ရှာလိုပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းလာတာနဲ့ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းတာ စတဲ့အချက်တွေပါ၀င်တဲ့ ထုတ်ပြန်ချက်ကို ပြုလုပ်လာတာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် Karenni-IEC အနေနဲ့ တရားမ၀င်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်တာကို လက်ခံညှိနှိုင်းမှာမဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ဖို့ ကြိုးပမ်းမှာဖြစ်သလို ကရင်နီပြည်ထဲ မတရားလုပ်ဆောင်တာတွေကို တားမြစ်သွားမယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်ထဲ သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲပြုလုပ်မယ့်အကြောင်းနဲ့ လက်နက်စွန့်ပြီး ပါတီထောင်ကာ ရွေးကောက်ပွဲ၀င်ဖို့ ပြောဆိုထားတာပါ။
စစ်ကောင်စီထုတ်ပြန်တဲ့ ဖိတ်ခေါ်ချက်ထဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောဆိုသုံးနှုန်းထားသလို အကြမ်းဖက်သောင်းကျန်းသူတွေဆိုပြီး ရေးသားထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။