နိုဝင်ဘာလ (၃၀)ရက်။
စစ်တပ်ရေတပ်က ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ထိမှန်ဒဏ်ရာရတယ်ဆိုတာ မဟုတ်ဘူးဆိုပြီး စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ နိုဝင်ဘာလ (၂၇)ရက်နေ့က နှစ်နိုင်ငံ နယ်စပ်ဒေသ ကော့ဘဇားရှိ စိန့်မာတင်ကျွန်းအနီး စစ်တပ်ရဲ့ ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ငါးဖမ်းစက်လှေတစ်စီး ငါးဖမ်းနေစဉ် နိုင်ငံသားတစ်ဦး ထိမှန်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
အခုလို သတင်းထွက်ပေါ်လာတာကြောင့် စစ်ကောင်စီဘက်က ဒီကနေ့မှာ ပြန်လည်ငြင်းဆိုထားတာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်က အဲ့ဒီနေရာမှာ စစ်တပ်ရေယာဉ်တွေ မရှိဘဲ စစ်တွေဘက်က ရေနဲ့ ရိက္ခာဖြည့်ပြီး ထွက်လာတဲ့ စစ်ရေယာဉ်တစ်စင်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုလိုဖြစ်စဉ်တွေဟာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အချင်းချင်း အောင်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်ပေမယ့် သတင်းမီဒီယာတွေက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေဖို့ လုပ်ဆောင်တာလို့ စွပ်စွဲထားပါတယ်။
အခုလို နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်တာ၊ ပျက်ပြားတာ မရှိစေဖို့အတွက် နယ်စပ်ဒေသဆက်ဆံရေးကို သတိပြုဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
အခုအခါ မောင်တောမြို့သိမ်းတိုက်ပွဲအနေနဲ့ အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေကာ စစ်ကောင်စီဘက်က အဘက်ဘက်ကနေ ပစ်ကူနေရပြီး စစ်ရေယာဉ်တွေလဲ အသင့်ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဘက်က ပေါက်ကွဲသံတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်၊ အိုကီးယားနဲ့ နတ်ကျောက်ဆရီမြို့က ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။