သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာ လုံးဝလက်မခံဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ သယံဇာတအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခုအချိန်ဟာ တော်လှန်ရေးကာလအလွန် အကောင်အထည်ဖော်မယ့် ဖက်ဒရယ်သယံဇာတမူဝါဒလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့ ပြည်သူဗဟိုပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထတွေ ဖွံ့ဖြိုးတိုးတက်အောင် လလေ့ကျင့်ပျိုးထောင်နေချိန်ဖြစ်ပြီး သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝ လက်ခံလို့မရဘူး” လို့ ဆိုပါတယ်။
တော်လှန်ရေးကာလထဲ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ရှင်သန်ရပ်တည်ဖို့ ဒေသကာကွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေရရှိဖို့ သယံဇာတလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
သယံဇာတလုပ်ငန်းတွေ ဆောင်ရွက်တာမှာ မြို့နယ်တွေက စီမံခန့်ခွဲတဲ့အပိုင်းကို သက်ဆိုင်ရာ TAB-NR အဖွဲ့တွေက သေချာကြပ်မတ်ကြဖို့နဲ့ ပြည်ထောင်စုကလဲ ဝိုင်းဝန်းကြပ်မတ်ပေးရမှာဖြစ်ပြီး လိုအပ်ချက်တွေကိုလဲ ကူညီပံ့ပိုး ဖြည့်ဆည်းပေးရမှာလို့ အသိပေးထားပါတယ်။
သယံဇာတဟာ ပြည်သူအားလုံး ပိုင်ဆိုင်တဲ့ တိုင်းပြည်အမွေအနှစ်ဖြစ်တာကြောင့် အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါမှာ တော်လှန်ရေးကာလ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တော်လှန်ရေးအစိုးရရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြပြီး ရှင်းတမ်းနဲ့တကွ ရှင်းလင်းတင်ပြပေးရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းတွေ ဆောင်ရွက်တာမှာ စနစ်ကျစေဖို့ အထူးဂရုပြု လုပ်ဆောင်ကြဖို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလဲ လိုအပ်တာတွေ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
