စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ
နိုဝင်ဘာလ (၁၂)ရက်။
ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ နာရီစင်အနီးက “အောင်စံပယ်”စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ဓါးပြတိုက်ခံရတဲ့ ရွှေဆိုင်က ပြင်ဦးလွင်မြို့လယ်ခေါင် မန္တလေး-လားရှိုးသွားတဲ့ကားလမ်းပေါ် နာရီစင်နားက အောင်စံပယ်ရွှေဆိုင်ပါ။ ဓါးပြတိုက်ခံရတဲ့အချိန် သေနတ်သံလဲကြားရတယ်။ ပြီးတော့ ရွှေဆိုင်က လုံခြုံရေးဝန်ထမ်း သေသွားတယ်”လို့ ဆိုပါတယ်။
“အောင်စံပယ်”ရွေဆိုင်ကို အမည်မသိအမျိုးသား (၂)ဦးက ဆိုင်ကယ်နဲ့လာပြီး ဓါးပြတိုက်ခဲ့ကာ ဖြစ်စဉ်ထဲ ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ပစ်ခတ်ခံရတာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး ထိမှန်သေဆုံးလို့ သိရပါတယ်။
“ရွှေဆိုင်က CCTV ထဲမှာတော့ ဓါးပြတိုက်တဲ့သူတွေက ဆိုင်ဝန်ထမ်းအမျိုးသမီးကို ဖမ်းထားတာတွေ့တယ်။ ပြီးတော့ အခြားဓါးပြတိုက်တဲ့အမျိုးသားကို ဆိုင်လုံခြုံရေးက ထိုးကြိတ်တာကနေ သေနတ်နဲ့ ပစ်ခံရတာ။ ဒါပေမယ့် အဲ့ဒီထဲက တယောက်ကိုတော့ ဖမ်းမိတယ်”လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီဓါးပြတိုက်တဲ့ အမျိုးသား (၂)ဦးထဲက သေနတ်နဲ့ပစ်ခတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး သူဟာ ချမ်းမြသာစည်မြို့ မြရည်နန္ဒာအိမ်ယာနေ (၃၀)နှစ်အရွယ် အောင်မျိုးနိုင်ဆိုသူဖြစ်တယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားပါတယ်။
ဒါ့အပြင် ကျန်ဓါးပြတိုက်သူတဦးကတော့ လွတ်မြောက်သွားခဲ့ပြီး လက်ဝတ်ရတနာတွေ ပါသွားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။







