ဖေဖော်ဝါရီလ (၁၄)ရက်။
ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက သွားရောက်လေ့လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဟာ ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို သွားရောက်ကာ ဆေးကုသနေသူတွေနဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ တက်ရောက်နေသူတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး NUG ဝန်ကြီးချုပ်ရုံးရဲ့ တာဝန်ရှိသူတွေက ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်တဲ့ အခြေအနေတွေကို လိုက်လံလေ့လာကာ လိုအပ်တဲ့ ထောက်ပို့ကူညီတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူနာတွေ သယ်ယူပို့ဆောင်ဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ လူနာတင်ယာဉ်တွေ ဖြည့်ဆည်းနိုင်ဖို့နဲ့ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ခန့်ထားနိုင်ဖို့ကိုလဲ ဆွေးနွေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ခရီးစဉ်ထဲ NUG ရဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ပြောခွင့်ရ နေဘုန်းလတ်၊ ပြည်ထဲရေး တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ စစ်ဒေသခွဲ(၂) စစ်ဒေသမှူး ဦးတင်ဦး၊ အမှတ်(၂)စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr. YKZ နဲ့ ရန်ကုန်တိုင်းပကဖတာဝန်ခံ ဦးနောင်ရိုးတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။



