ဖေဖော်ဝါရီလ (၂၁)ရက်။
မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က ပေါက်တောမြို့ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ မနေ့က နေ့ခင်း(၁)နာရီခွဲလောက် ပေါက်တောမြို့ တမြို့လုံးနီးပါးကို အကြမ်းဖက်စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံး (၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ ပေါက်တောမြို့ တစ်မြို့လုံးနီးပါးကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့ကာ သေဆုံးသူတွေထဲ အသက် (၅)နှစ်အရွယ်နဲ့ (၁၂)အရွယ် (၂)ဦးပါဝင်ပြီး ကျောက်တောင်ရွာနဲ့ မညှင်းကိုင်းရွာတို့ကဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး ထိခိုက်ဒဏ်ရာရသူ (၁၇)ဦးရှိခဲ့ပြီး ကျောက်တောင်ရွာနဲ့ မညှင်းကိုင်းရွာအပါအဝင် ဆင်တက်မော်(မူဆလင်)ရွာ၊ တောတန်းရွာ၊ ဘော်ဒလီရွာနဲ့ အနောက်ရဲရွာတို့က ပြည်သူတွေဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေထဲ အမျိုးသမီး (၉)ဦးနဲ့ အမျိုးသား (၈)ဦးတို့ဖြစ်ကာ သူတို့ထဲ အသက် (၆)နှစ်အရွယ်၊ (၇)နှစ်အရွယ်နဲ့ (၈)နှစ်အရွယ် ကလေးငယ် (၃)ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အခုအခါ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့သူတွေထဲ သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ခြေရှိတယ်လို့လဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။
အခုလို AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ တမြို့လုံးနီးပါးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။



