ဖေဖော်ဝါရီလ (၂၃)ရက်။
ဇန်နဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု (၆၆၅)မှု ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဒေသဟာ မန္တလေးတိုင်းဖြစ်ပြီး (၁၁၃)မှုအထိ ရှိခဲ့သလို လေကြောင်းတိုက်ခိုက်ခံရတာလဲ (၃၁)ကြိမ်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားအနေနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆီးခံရတာက ဒုတိယအများဆုံးနဲ့ ဥပဒေမဲ့သတ်ဖြတ်တာ (၁၁၆)မှု၊ အတင်းအဓမ္မစေခိုင်းတာ (၁၀၉)မှုနဲ့ တရားလက်လွှတ်ဖမ်းဆီးတာ (၈၉)မှုတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီကာလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် နေအိမ်ပေါင်း (၆၀၀)နီးပါးနဲ့ ကျောင်း (၉)ကျောင်း ပျက်စီးခဲ့ကာ ရခိုင်မှာ ပျက်စီးတဲ့အရေအတွက် (၄၀၀)ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီလေကြောင်းကြောင့် သေဆုံးသူအရေအတွက် (၂၀၄)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂၆၉)ဦးရှိခဲ့ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကြောင့် သေဆုံးသူ (၁၆၅)ဦးရှိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှဖို့၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိဖို့ဆိုတဲ့ ဦးတည်ချက်တွေကြိ ခိုင်ခိုင်မာမာလက်ကိုင်ထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
