မေလ (၂၇)ရက်။
ဒီကနေ့ နံနက် (၁)နာရီအချိန်က ရေးမြို့အခြေစိုက် ရေးဘီလူးတပ်စခန်းဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။
“ နံနက်အစောပိုင်း (၁)နာရီလောက် စခန်းဌာနချုပ်နေရာကို Y-12 တွေ၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲသွားတာ။ ရေးဘီလူးကတော့ ထိခိုက်တာမရှိဘူး၊ ဒါပေမယ့် တပ်ဖွဲ့ဝင် တော်တော်များများ ထိခိုက်ကျဆုံးတယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။
ရေးမြို့အခြေစိုက် ရေးဘီလူးတပ်စခန်းကို စစ်တပ်က Y-12 နဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲခဲ့ရာ တပ်ဖွဲ့ဝင် (၁၀)ဦးကျော် ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင် ထိခိုက်တာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပေမယ့် သက်ဆိုင်ရာတပ်ဖွဲ့ဘက်က တရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
ရေးဘီလူးတပ်စခန်း လေကြောင်းဗုံးကြဲခံရတာကို စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကြပြီး ရေးဘီလူး ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားသလို တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးတယ်ဆိုပြီး ဝါဒဖြန့်နေကြပါတယ်။
ဒါ့အပြင် ရေးဘီလူးတပ်စခန်းဟာ ရေးမြို့နယ် ကင်ပွန်းရွာမှာ အခြေစိုက်ကာ ရေးမြို့အရှေ့ဘက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာ တည်ရှိပြီး ထိုင်းနယ်စပ်နဲ့ နီးစပ်တဲ့ရွာလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








