မေလ (၂၇)ရက်။
မေလ (၂၄)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ငါ့သရောက်နယ်မှာ စစ်တပ်စစ်ကြောင်းကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီစစ်ကြောင်းက ဖလန်ကန်ရွာကနေထွက်လာတာ၊ တိုက်ပွဲက (၂)နာရီလောက်ကြာပြီး စခတွေဘက်က မျက်မြင် (၁၇)ကောင်လောက် နေရာမှာပဲ သေဆုံးပြီး အကောင် (၅၀)လောက် ဒဏ်ရာရတယ်” လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဖလန်ကန်ရွာကနေ ထွက်လာချိန် ပုပ္ပါးပြောက်ကျားတပ်နဲ့ ပုဂံပြည်ဘီလူးတပ်ဖွဲ့တို့ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၂)နာရီကြာမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၇)ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး (၅၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် (၃)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဘက်က ထပ်မံအင်အားဖြည့်တင်းလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်တပ်ဟာ မေလ (၂၀)ရက်နေ့ကစပြီး ညောင်ဦးမြို့ကနေ အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်း (၃)ကြောင်းခွဲကာ ငါ့သရောက်နယ်ထဲ စစ်ကြောင်းထိုးပြီး အကြမ်းဖက် မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လာခဲ့တာလို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းကို Popa Guerilla Force(ပုပ္ပါးပြောက်ကျားတပ်ဖွဲ့)နဲ့ ပုဂံပြည်ဘီလူးတပ်ဖွဲ့တို့ ဦးဆောင်ကာ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ People Democratic Army(PDA)၊ ငါ့သရောက်တိုက်နယ်ပကဖ(ပုဂံ ကြီးအဖွဲ့)၊ ညောင်ဦးခရိုင်ပကဖ(မိုးမခပြောက်ကျားတပ်)၊ ညောင်ဦးခရိုင်တပ်ရင်း(၁)၊ ခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့အတူ အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။








