မေလ (၂၈)ရက်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို မတရားရယူထားပြီး ပထမဆုံးခရီးစဉ်အနေနဲ့ အိန္ဒိယကို သွားရောက်ဖို့ရှိနေတယ်လို့ India For Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီခရီးစဉ်ကို ဒေလီရောက်မြန်မာပြည်သူတွေက လုံးဝ လက်မခံတာကြောင့် လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရထံ တရားဝင် ခွင့်ပြုချက် တင်ပြထားပြီးဖြစ်သလို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဆန္ဒပြပွဲကို နယူးဒေလီရှိ မြန်မာသံရုံးအပါအဝင် နေရာ (၂)နေရာမှာ ဒီကနေ့ မေလ (၂၈)ရက်နေ့နဲ့ (၃၀)ရက်နေ့တို့မှာ လူအင်အား (၁၀၀)နဲ့ ပြုလုပ်သွားဖို့ရှိပြီး ပူးပေါင်းပါဝင်ကြဖို့ India For Myanmar က ဖိတ်ခေါ်ထားပါတယ်။
ဒေလီရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မတရားဖိနှိပ် ရက်စက်တာတွေကြောင့် မိခင်နိုင်ငံကို စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်အနေနဲ့ ခက်ခဲပင်ပန်းစွာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် “ နွေဦးတော်လှန်ရေး အောင်မြင်မှု” ကသာ အဓိကသော့ချက်ဖြစ်ပြီး ပြည်တွင်းတော်လှန်ရေးနဲ့အတူ အမြဲ တသားထဲ ရပ်တည်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








