မေလ (၂၉)ရက်။
မနေ့က ညနေ (၆)နာရီ (၂၀)မိနစ်အချိန်က မင်းကင်းမြို့နယ်ပအဖနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တို့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ ဖမ်းဆီးထားတဲ့ SRF အဖွဲ့ထဲက ပြစ်မှုကျူးလွန်တာမရှိတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်ကြားခံရတဲ့ ရဲဘော်တွေကို ဥပဒေဘောင်ထဲ ဖြေရှင်းဖို့ နှစ်ဖက်သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး SRF တပ်တော်က ပြစ်မှုကျူးလွန်တာမရှိတဲ့ ရဲဘော်တွေ NUG ရဲ့ COC အောက်မှာ ဝင်ရောက်ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ဆိုပြီး ပူးတွဲထုတ်ပြန်ထားပါတယ်။
SRF နဲ့ မင်းကင်းမြို့နယ်အဖွဲ့တွေရဲ့ ပဋိပက္ခဟာ SRF ကို ဖြိုခွင်းတာမဟုတ်ဘဲ တိုင်ကြားထားတဲ့ အမှုတွေကြောင့် ကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ကြတာသာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် အဖွဲ့နှစ်ခုအကြား ပြဿနာတွေ ပိုမိုကြီးထွားစေဖို့ လှုံ့ဆော်ရေးသား ဖြန့်ဝေနေတာဟာ အဖွဲ့နှစ်ခုရဲ့ အာဘော်မဟုတ်ဘဲ ထုတ်ပြန်နေကြသူတွေရဲ့ ထင်မြင်ယူဆတာတွေသာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် နှစ်ဖက်တော်လှန်ရေးအဖွဲ့တွေရဲ့ ညီညွတ်ရေးနဲ့ တော်လှန်ရေးတခုလုံးရဲ့ ညီညွတ်ရေးတို့ကို ပြိုကွဲစေမယ့် ထုတ်ပြန်ရေးသားတာတွေကို ဆက်လက် မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ပူးတွဲထုတ်ပြန်ချက်ထဲ NUG ကို နိုင်ငံတော်အစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံထားပြီး မင်းကင်းမြို့နယ်ထဲ တော်လှန်ရေးလုပ်ငန်းတွေမှာ ဆက်လက်ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။







