မေလ (၃၀)ရက်။
မနေ့က ညနေ (၄)နာရီကျော်အချိန်က ကျောက်လုံးကြီးတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတပ်စခန်းဟာ မြိတ်-ထားဝယ်ခရိုင် လယ်မူလားမြို့ တနင်္သာရီချောင်းမကြီးနဘေးရှိ ကျောက်လုံးကြီးရွာထဲ စစ်တပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)ဗျူဟာက နှစ်ပေါင်း (၂၀)ကျော်ကြာ အခြေချတပ်စွဲထားတာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ အောင်သာဝရစခန်းကို သိမ်းပိုက်ခဲ့ချိန် အဲ့ဒီစစ်ဗျူဟာစခန်းဟာ စခန်းစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက်ပိုင်း ကျောက်လုံးကြီးစခန်းမှာ စစ်တပ်ရဲ့ ခမရ(၄၃၃)တပ်ရင်းက အင်အား (၈၀)ကျော်နဲ့ ပြန်လည်တပ်စွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ(၄) ဗျူဟာအမှတ်(၁) ဦးဆောင်ပြီး KNDO တပ်ရင်း(၇)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တာကို ထုတ်ပြန်ထားပြီး ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ ပြောဆိုထားတာမရှိပါဘူး။
တိုက်ပွဲမှာ ရဲရဲရင့်ရင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြတဲ့ အရာရှိတွေ၊ စစ်သည်တော်တွေနဲ့ မဟာမိတ်အဖွဲ့တွေကို အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အသက်နဲ့ခန္ဓာပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ၊ ပြည်သူတွေနဲ့ တိုက်ပွဲအတွက် ပံ့ပိုးကူညီခဲ့တဲ့ ပြည်သူအားလုံးကို KNU မြိတ်-ထားဝယ်ခရိုင်က အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








