မေလ (၆)ရက်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မော်လူးမြို့ဟာ ကသာခရိုင် အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့ ဆိုပါတယ်။
အင်းတော်မြို့ကနေတဆင့် မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းတွေခွဲကာ အဆင့်ဆင့် ထိုးစစ်ဆင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မော်လူးမြို့ကို ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်ခဲ့ကာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မော်လူးမြို့ဟာ စစ်ကိုင်းနဲ့ ကချင်ကို ဆက်သွယ်ထားတဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးမှာ တည်ရှိတဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ဒေသဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ မော်လူးဒေသထဲ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မော်လူး-နန့်စီးအောင်လမ်းပိုင်းကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။
တော်လှန်ရေးတပ်တွေဟာ မော်လူးမြို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး (၂)နှစ်ကျော်အကြာမှာ စစ်တပ်ဆီ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။








