မေလ (၇)ရက်။
မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား (၂)ဦးဟာ MA-1 (၁)လက်၊ MA-11 (၁)လက်၊ ကျည်ဆန် (၂၄၄)တောင့်နဲ့ ကျည်ဘောက် (၇)ခုကို ယူဆောင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ စတုတ္ထပတ်ထဲ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအထဲ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၁၁)ဦးရှိပြီး ကရင်နီပြည်နယ်က (၁)ဦး၊ မကွေးတိုင်းက (၉)ဦးနဲ့ တနင်္သာရီတိုင်းက (၁)ဦးတို့ဖြစ်ပြီး (၁၀)ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ခုနှစ် ဧပြီလ စတုတ္ထပတ်အထိ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း (၃၀၆၈)ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။








