မေလ (၈)ရက်။
ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင် သယ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပြီး ပို့ဆောင်သူ (၂)ဦးကို စစ်ဆေးခဲ့ရာ အူးမီထကနေ ဃိုနီထဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ အတောင့်ကြီး (၉၉၃)တောင့်၊ အတောင့်ငယ် (၄၄၅)တောင့်၊ အထုပ်ကြီး (၄၉၆၅၀)ထုပ်နဲ့ စုစုပေါင်း အလုံးရေ (၉၉၃၀၀၀၀)လုံးတို့ဖြစ်ပါတယ်။
ကရင်အမျိုးသားတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး တရားမဝင် ရောင်းချသူတွေကို ဆက်လက်အရေးယူသွားမှာဖြစ်ပြီး ကော်သူးလေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက ဥပဒေစည်းမျဉ်းတွေနဲ့အညီ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး မီးမရှို့ခင်မှာလဲ ထိုင်းတာဝန်ရှိခေါင်းဆောင်တွေက စစ်ဆေးအတည်ပြုခဲ့ကာ အခမ်းအနားကို KNDO၊ KNLA၊ KNPF၊ ကရင်နယ်စပ်ရေးရာကော်မတီ(ဖာပွန်ခရိုင်)၊ ကော်သူးလေသစ်တောဌာန(ဖာပွန်ခရိုင်)၊ KWO နဲ့ ထိုင်းနယ်စပ်ရေးရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်










