မေလ (၉)ရက်။
ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ တွေ့ရတယ်။ ကျန်တဲ့သူတွေကတော့ အခုအထိ ပျောက်ဆုံးနေတယ်” လို့ ဆိုပါတယ်။
ပုသိမ်အခြေစိုက် နတ်စစ်ဌာနချုပ်လက်အောက်မှာ စစ်မှုထမ်းဖို့ ပထမဆုံးအကြိမ် အတင်းအဓမ္မ ခေါ်ယူခံခဲ့ရတဲ့ လူငယ် (၉၀၀)ခန့်မှာ (၃)ဦးသာ နေရပ်ပြန်ရောက်ခဲ့ပြ ကျန်သူတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)ကနေ ပြန်ရောက်လာသူတွေဟာ ဝါးခယ်မ၊ ပုသိမ်နဲ့ ကန်ကြီးတောင့်တို့ကဖြစ်ပြီး ကျန်တဲ့လူငယ်တွေ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ မသိရတာကြောင့် မိသားစုတွေ စိုးရိမ်နေကြပါတယ်။
“ သားသမီးတွေ ပြန်မလာလို့ နတခထဲ သွားမေးတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။ သူတို့အချင်းချင်း အပြန်အလှန် လွှဲချနေကြတာ။ စီမံခန့်ခွဲတာတွေလဲ ရှုပ်ထွေးပြီး တာဝန်ယူမှု ကင်းမဲ့နေတာ” လို့ သူက ဆက်ပြောပါတယ်။
ဧရာဝတီတိုင်းထဲ စစ်မှုထမ်းဥပဒေအရဆိုပြီး တစ်ပတ်စဉ်ကို မြို့နယ် (၂၆)မြို့က လူငယ် (၉၀၀)ခန့်ကို ခေါ်ယူခဲ့တာဖြစ်ပြီး (၂)နှစ် တာဝန်ထမ်းဆောင်ပြီးပါက မိသားစုဝင်တွေဆီ ပြန့်ပို့ပေးမယ်လို့ ပြောဆိုခဲ့တာပါ။
အခုအခါ စစ်မှုထမ်းအပတ်စဉ် (၂၄)အထိ ရောက်ရှိနေပြီး ဧရာဝတီတိုင်းထဲရှိ မြို့နယ်(၁)ခုကို လူငယ် (၂၈)ဦးကနေ (၃၁)ဦးအထိ ပေးနေရဆဲဖြစ်တယ်လို သိရပါတယ်။








