နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲက သတိပေးပြောကြားလိုက်သည်။

အမေရိကန်သည် ဥရောပ၏ မိတ်ဖက်နှင့် မဟာမိတ်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သော် လည်း မည်သည့်အင်အားကြီးနိုင်ငံမျှ “ မိမိတို့၏ ရှင်သန်ရပ်တည်ရေးကို အခြားသူထံ လွှဲအပ် ထားပြီးမှ ရှင်သန်ကျန်ရစ်ခဲ့ခြင်းမျိုး မရှိဖူးကြောင်း” ကာဂျာ ကာလပ်စ် (Kaja Kallas) က ကာကွယ်ရေးဆိုင်ရာ ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်း (Greenland) ကို သိမ်းယူရန် ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။

ဥရောပသား လွှတ်တော်အမတ်များအနေဖြင့် အမေရိကန်မပါဘဲ ဥရောပက မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည်ဟု ထင်နေပါက “ ဆက်လက် အိပ်မက်မက်နေကြရန်” နေတိုးခေါင်းဆောင် မာ့ခ် ရုတေး (Mark Rutte) က ပြောဆိုခဲ့ပြီးနောက် ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာချိန်တွင် ကာလပ်စ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-နိုဝယ် ဘာရော့ (Jean-Noël Barrot) က အင်္ဂါနေ့တွင် နေတိုးအတွင်းရေးမှူးချုပ်၏ မှတ်ချက်များအပေါ် တုံ့ပြန်ရာ၌ “ မဟုတ်ပါဘူး ချစ်လှစွာသော မာ့ခ် ရုတေး ခင်ဗျာ။ ဥရောပသားတွေဟာ သူတို့ရဲ့ လုံခြုံရေးကို သူတို့ကိုယ်တိုင် ထိန်းချုပ် နိုင်ရမယ်၊ ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကိုယ်တိုင်တောင် ဒါကို သဘောတူပါတယ်။ ဒါဟာ နေတိုးရဲ့ ဥရောပမဏ္ဍိုင်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထရန့်အစိုးရလက်ထက်တွင် ဥရောပသည် “ ဝါရှင်တန်၏ အဓိကဗဟိုချက် မဟုတ်တော့ ကြောင်း” နှင့် ဥရောပတိုက်အနေဖြင့် နိုင်ငံတစ်ခုချင်းစီအလိုက် စဉ်းစားသော ယဉ်ကျေးမှုမှ ဥရောပသားများအဖြစ် စုပေါင်းဆောင်ရွက်သည့်ဘက်သို့ ပြောင်းလဲရန် လိုအပ်ကြောင်း ကာဂျာ ကာလပ်စ်က ဆိုသည်။

ဝါရှင်တန်သည် ဥရောပနှင့် ကင်းကွာလာခြင်းမှာ “ အတန်ကြာကတည်းက ဖြစ်နေခြင်းဖြစ်ပြီး” ၎င်းမှာ ယာယီမဟုတ်ဘဲ အခြေခံကျသော အပြောင်းအလဲဖြစ်ကြောင်း အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲက ထပ်လောင်းပြောကြားခဲ့သည်။

အီးယူနှင့် နေတိုး နှစ်ဖွဲ့စလုံးတွင် အဖွဲ့ဝင်ဖြစ်နေသော ၂၃ နိုင်ငံအနေဖြင့် “ နေတိုးနှင့်အတူ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဟန်ချက်ညီအောင် လုပ်ဆောင်ရန်” အထူးတာဝန် ရှိသည်။ ဘာရော့ကဲ့သို့ပင် သူမကလည်း “ သီးခြားဖြစ်သော ဥရောပမဏ္ဍိုင်” တစ်ခုသည် မည်မျှအရေးပါကြောင်း ပြသရန် အရေးကြီးပုံကို အလေးပေး ပြောဆိုခဲ့သည်။

အာတိတ်ကျွန်း (ဂရင်းလန်း) ကို သိမ်းယူမည့် သူ၏အစီအစဉ်ကို ကန့်ကွက်ခဲ့သော အရင်းနှီးဆုံး ဥရောပမဟာမိတ်အချို့အပေါ် ထရန့်က အခွန်တိုးမြှင့်ကောက်ခံရန် ခြိမ်းခြောက် ခဲ့ပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သော ဂရင်းလန်းကိစ္စ အမေရိကန်-ဥရောပ အက်ကြောင်းသည် ကာလပ်စ် ရည်ညွှန်းခဲ့သည့် ဆက်ဆံရေးအတွင်းရှိ “ ကြီးမားသော အပြောင်းအလဲ” ကို မီးမောင်းထိုးပြနေသည်။

ဒါဗို့စ် (Davos) အစည်းအဝေး၏ ဘေးထွက်ဆွေးနွေးပွဲများတွင် နေတိုးအကြီးအကဲနှင့် ဆွေးနွေးစဉ် အမေရိကန်သမ္မတက သူ၏ခြိမ်းခြောက်မှုကို ရုပ်သိမ်းခဲ့ပြီးနောက်၊ မာ့ခ် ရုတေးသည် ထရန့်နှင့် ဥရောပခေါင်းဆောင်များအကြား တင်းမာမှုများကို လျှော့ချ နိုင်ခဲ့သူ အဖြစ် ပြီးခဲ့သည့်အပတ်က အသိအမှတ်ပြုခံခဲ့ရသည်။ ဂရင်းလန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခုကို ရှာဖွေနေသည်ဟု ထရန့်က ပြောကြား ခဲ့သော်လည်း အသေးစိတ်အချက်အလက်များမူ ထွက်ပေါ်မလာသေးပေ။

ပြီးခဲ့သည့်နှစ်က ထရန့်၏ ဖိအားပေးမှုအောက်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၂၀၃၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ အမျိုးသားအဆင့် အခြေခံ အဆောက်အအုံများအတွက် ဖြစ်နိုင်သည်။

ရုတေးက တနင်္လာနေ့တွင် ဥရောပပါလီမန်၌ ပြောကြားရာတွင် ဥရောပအနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် “ တစ်ကိုယ်တော် ရပ်တည်လိုပါက” စီးပွားရေးအထွက်နှုန်း (GDP) ၏ ၁၀ ရာခိုင်နှုန်းကို သုံးစွဲရမည်ဖြစ်ပြီး ကိုယ်ပိုင်နျူကလီးယားစွမ်းရည်ကိုလည်း တည်ဆောက် ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရုတေး၏ အမြင်အရ အမေရိကန်နှင့် ကင်းကွာသွားခြင်းသည် “ ကျွန်ုပ်တို့၏ လွတ်လပ်မှုကို အဆုံးစွန် အာမခံချက်ပေးထားသည့် အမေရိကန်၏ နျူကလီးယားအကာအကွယ်ကို ဆုံးရှုံး စေလိမ့်မည်” ဟု ဆိုသည်။

ဘရပ်ဆဲလ်ရှိ ကာဂျာ ကာလပ်စ် တက်ရောက်သည့် ညီလာခံ၌ပင် အီးယူ ကာကွယ်ရေး ကော်မရှင်နာ အန်ဒရီးယပ်စ် ကူဘီလီယပ်စ် (Andrius Kubilius) က ဗုဒ္ဓဟူးနေ့တွင် ပြောကြား ရာ၌ အမေရိကန်များသည် “ ဥရောပတိုက်ပေါ်ရှိ ၎င်းတို့၏တည်ရှိမှုကို လျှော့ချတော့မည်” ဖြစ်သောကြောင့် ဥရောပသားများအနေဖြင့် မိမိတို့၏ကာကွယ်ရေးအတွက် တာဝန်ယူရန် အမေရိကန်က ယခုအခါ မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ဥရောပသည် “ ဘီလူးကြီးတစ်ကောင် ဖြစ်သော်လည်း အိပ်မောကျနေသည့် ဘီလူးကြီး” ဖြစ်ပြီး နှိုးရန်လိုအပ်နေကြောင်း၊ “ ကျွန်ုပ်တို့၏ လွတ်လပ်မှုကို အလျင်အမြန် တည်ဆောက် ရမည်။ ကာကွယ်ရေးကဏ္ဍတွင် လွတ်လပ်စွာ ရပ်တည်နိုင်ရေးကို နှောင့်နှေးမှုမရှိဘဲ၊ ဆင်ခြေများ မရှိဘဲ လုပ်ဆောင်ရမည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၁၉၄၉ ခုနှစ်တွင် ဝါရှင်တန်၌ နေတိုးအဖွဲ့ကို စတင်တည်ထောင်စဉ်က အဓိကရည်ရွယ်ချက်မှာ ရန်လိုသော ဆိုဗီယက်ယူနီယံ (၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည့် ရုရှားက လွှမ်းမိုးထားသော ကွန်မြူနစ်အင်ပါယာ) ကို ရင်ဆိုင်ရာတွင် အဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် လွတ်လပ်မှုကို အာမခံချက် ပေးရန်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နေတိုးသည် အရှေ့ဘက်သို့ နယ်ချဲ့လာပြီး မော်စကိုအတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖန်တီးနေသည်ဟု ကာလရှည်ကြာ စွပ်စွဲလာခဲ့ကာ၊ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခြင်းမှာ ယင်းအချက်ကို တုံ့ပြန်ခြင်း ဖြစ်သည် ဟု ပုံဖော်ခဲ့သည်။

သို့သော်လည်း ပိုမိုရန်လိုလာသော ရုရှားနိုင်ငံကြောင့် အီးယူအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သည့် ဆွီဒင် နှင့် ဖင်လန်တို့မှာ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း နေတိုးမဟာမိတ်အဖွဲ့သို့ ဝင်ရောက် လာခဲ့ ကြသည်။

အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်အရ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ခြင်းမှ တားမြစ်ရမည်ဟု ကရင်မလင်က တောင်းဆိုထားသည်။

ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အီးယူနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ပါရှိ သော်လည်း ၊ ကိယက်ဗ် (Kyiv) အနေဖြင့် မကြာမီကာလအတွင်း နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်ခြေမှာမူ အလှမ်းဝေးနေဆဲဖြစ်သည်ဟု ယူဆရပါသည်။

“ ဥရောပသည် ဝါရှင်တန်၏ အဓိကဗဟိုချက် (သို့မဟုတ် အလေးသာရာအချက်) မဟုတ်တော့ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကာလပ်စ် (Kaja Kallas) က ပြောကြားခဲ့သည်။” (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 31 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က