မေလ (၁၁)ရက်။
ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ မြင်းခြံမြို့မှာ (၃၀)ဦး၊ ငါန်းဇွန်မြို့မှာ (၂၃)ဦး၊ တောင်သာမြို့မှာ (၁၂)ဦးနဲ့ နွားထိုးကြီးမြို့မှာ (၇)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးတာဟာ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတို့ကြောင့် အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဧပြီလ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလထဲမှာတောင် ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ရပ်တန့်ခဲ့တာမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ ကာကွယ်စောင့်ရှောက်မှု အထူးလိုအပ်တဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများအပြား ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
EMC-Mandalay အနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ မိသားစုဝင်တွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ လိုအပ်တဲ့ ငွေသားထောက်ပံ့တာတွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြင်မှာ အမှန်တကယ် အကူအညီလိုအပ်သူတွေ ရှိနေသေးတာကြောင့် ဆက်လက်ပံ့ပိုးနိုင်ဖို့ ပြည်သူတွေအနေနဲ့ ဆက်သွယ်ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။










