မေလ (၁၃)ရက်။
အခုနှစ်ရက်တာထဲ မင်းတပ်မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကို (၂)ကြိမ်နဲ့ ညနေ (၆)ခွဲလောက်မှာ မြို့ပေါ်ကို (၅)ကြိမ် လာတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ မင်းတပ်မြို့ပေါ်ကို မေလ (၁၁)ရက်နေ့နဲ့ (၁၂)ရက်နေ့တို့မှာ ဂျက်ဖိုက်တာနဲ့ (၉)ကြိမ် တိုက်ခိုက်ခဲ့သလို မြို့အနီးဝန်းကျင်ကို (၂)ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် သေဆုံးသူ (၄)ဦးရှိခဲ့တယ်လို့ ပြောဆိုထားပြီး သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောဆိုထားတာမရှိပါဘူး။
အဲ့ဒီဖြစ်စဉ်ထဲ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပြီး နေအိမ် (၁၅)လုံးခန့်အပါအဝင် အစိုးရရုံးဌာန အဆောက်အအုံ (၁၀)ခု၊ မော်တော်ယာဉ် (၄)စီးနဲ့ အခြားပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အခုကာလထဲ လူစုလူဝေးတွေ ရှောင်ရှားပြီး ဗုံးခိုကျင်းတွေနဲ့ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် ထောက်လှန်းရေးဒရုန်းတွေ၊ ကင်းထောက်လေယာဉ်တွေနဲ့ လေကြောင်းသတင်းတွေကို နားစွင့်ကာ လေကြောင်းသတိထားနေထိုင်ဖို့ CPU/CPA က တိုင်တွန်းထားပါတယ်။










