မေလ (၁၃)ရက်။
KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကရင်နီပြည်သူတို့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ခွန်းရီမာန်ထူးဟာ မေလ (၁၀)ရက်နေ့ ထိုင်းဒေသစံတော်ချိန် ညနေ (၅)နာရီ (၅၄)မိနစ်အချိန်က မယ်ဟောင်ဆောင်မြို့ သီရီစဝမ်ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
သူကွယ်လွန်ချိန်ဟာ အသက် (၈၂)နှစ်အရွယ် ရှိပြီဖြစ်ကာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်ကာလကစပြီး ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တဦးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူ့ရဲ့ ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓါတ်၊ မဆုတ်မနစ်တဲ့ နိုင်ငံရေးဦးဆောင်မှု၊ မဟာမိတ်တွေအပေါ် ထားရှိတဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်တွေဟာ ကရင်နီပြည်သူတွေအတွက်သာမက နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးတို့အတွက် ကြိုးပမ်းနေတဲ့ အင်အားစုတွေအတွက် အားကျအတုယူဖွယ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကိုယ်ကျိုးထက် ကရင်နီလူမျိုးတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ လွတ်မြောက်ရေးကို ရှေ့တန်းတင်ပြီး ဘဝကို မြှုပ်နှံခဲ့တဲ့ ခွန်းရီမာန်ထူးရဲ့ ဇွဲ၊ လုံ့လနဲ့ စိတ်ဓါတ်ဟာ နွေဦးတော်လှန်ရေးခရီးလမ်းအတွက် အားအင်တွေ ကျန်ရစ်နေမယ်လို့ NUG က ဆိုထားပါတယ်။
ခွန်းရီမာန်ထူး ကွယ်လွန်တာဟာ KNPP နဲ့ ကရင်နီတမျိုးသားလုံးအတွက်သာမက နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအင်အားစု အားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ထုတ်ပြန်ထားပါတယ်။
ခွန်းရီမာန်ထူးရဲ့ ဝိညာဉ်ဟာ ကောင်းရာသုဂတိမှာ ငြိမ်းချမ်းစွာ နားခိုနိုင်စေဖို့နဲ့ မျှော်မှန်းခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ ပြည်သူတရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လဲ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။








