မေလ (၁၄)ရက်။
မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနဲ့ တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့က အစည်းအဝေးပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ SCEF ရဲ့ ဆောင်ရွက်နေတာတွေကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးနဲ့ ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲ ဆောင်ရွက်နေတာတွေကို အကျဉ်းချုပ် တင်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် SCEF အနေနဲ့ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေနဲ့ ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အစည်းအဝေးမှာ နှစ်ဖက် ဆွေးနွေးခဲ့ကြတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် အစည်းအဝေးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးနဲ့ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားတွေ ပြောကြားပြီး အောင်မြင်စွာရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။








