မေလ (၁၄)ရက်။
အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့ အမျိုးသား (၄၇)ဦးတို့ဖြစ်ပြီး (၁၈)နှစ်အောက် ကလေးငယ် (၁၇)ဦးပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ (၇၆)ဦးဟာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီကာလထဲ စစ်ကိုင်းတိုင်းမှာ အတည်ပြုဖို့ လိုအပ်နေတဲ့ သေဆုံးအရပ်သား (၂၃၆)ဦးရဲ့စာရင်းကို သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုဖို့ ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် AAPP ရဲ့ ထုတ်ပြန်ချက်ထဲ မတ်လ (၂၃)ရက်နေ့က မြောင်မြို့နယ် သောင်ကြီးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို ထည့်သွင်းထားပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ကျေးရွာမြောက်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ (၅)ဦးနဲ့ (၅)နှစ်အရွယ် ကလေးငယ် (၁)ဦးတို့ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။








