CNN- ယူဂျီးနီးယား ယိုးဆက်ဖ်နှင့် မက်စ် ဆော့တ်မန်းတို့ ရေးသားသည်။
အီရန်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် လေဘာနွန်နိုင်ငံရှိ ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများကို “ပိုမိုပြင်းထန်အောင်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒီဖရင်(Effie Defrin)က တနင်္ဂနွေနေ့တွင် အသံသွင်းထားသော မိန့်ခွန်း၌ ပြောကြားခဲ့သည်။
လက်ရှိတွင် အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနေရသည့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ရည်ညွှန်းပြီး ဒီဖရင်က “အစ္စရေးမြောက်ပိုင်းရှိ လူမှုအသိုင်း အဝိုင်းတွေအပေါ် ဟစ်ဇဘိုလာရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် ကျွန်ုပ်တို့က ဒဟီယာ (Dahieh) မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက “IDF အနေနဲ့ လက်ဘာနွန်တစ်ဝှမ်းလုံးမှာ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင် သွားမှာဖြစ်ပြီး ဟစ်ဇဘိုလာ အကြမ်းဖက်အဖွဲ့အပေါ် အရေးယူဆောင်ရွက်မှုတွေကို ပိုမို ပြင်းထန်အောင် လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။
ဒီဖရင်က ဆက်လက်၍ အစ္စရေးစစ်ဘက်ဆိုင်ရာအကြီးအကဲ အီရယ် ဇာမာ (Eyal Zamir) သည် စစ်ဦးစီးချုပ်အဖွဲ့နှင့်အတူ အခြေအနေအရပ်ရပ်ကို သုံးသပ်အကဲဖြတ်မှုများ ပြုလုပ်နေပြီး စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်များကို အတည်ပြု ပေးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
IDF ၏ ထုတ်ပြန်ချက်အရ စစ်ဦးစီးချုပ်က အမိန့်ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် စစ်တပ်အနေဖြင့် “ရန်သူကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်ုပ်တို့အပေါ် ထပ်မံတိုက်ခိုက်လာနိုင်ခြေတွေအတွက် အဆင်သင့်ပြင်ထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေးစနစ်တွေက အလွန်ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ ကာကွယ်ရေးဆိုတာ လေလုံသလိုမျိုး လုံးဝအပိတ်အဆို့ လုံခြုံနေတာတော့ မဟုတ်ပါဘူး” ဟု ဒီဖရင်က နိဂုံးချုပ် ပြောကြားခဲ့သည်။


(ဓာတ်ပုံ – ကောင်းနတ် ဟာဂျူ/အေအက်ဖ်ပီ/ဂက်တီပုံရိပ်များ) တနင်္ဂနွေနေ့က လေဘာနွန်တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သော တိုင်ယာ (Tyre) ရှိ ရပ်ကွက်တစ်ခုကို ပစ်မှတ်ထားသည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သော နေရာမှ မီးခိုးများ အူထွက်နေစဉ်။







