နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့နောက်ဆုံး လက်ကျန်မော်ဝါဒီသူပုန်အချို့ အိန္ဒိယတွင်ရှိနေပြီး ၎င်းတို့၏ ဆယ်စုနှစ်များစွာကြာ ပုန်ကန်မှုမှာ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်

ရေးသားသူ – Dhruv Tikekar ၊ Rhea Mogul နှင့် Utpal Pathak

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

လက်နက်အင်အားရော လူအင်အားပါ မမျှဘဲ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသည့် ပါပါရာအို (Papa Rao) သည် အရောင်လွင့်နေသော ကွက်စိပ်ရှပ်အင်္ကျီ၊ ဖုန်ပေကျံနေသော ဘောင်းဘီရှည်နှင့် ပွန်းပဲ့နေသော အားကစားဖိနပ်တို့ကို ဝတ်ဆင်ကာ အိန္ဒိယအလယ်ပိုင်း တောနက်ထဲမှ ထွက်လာခဲ့သည်။ ၎င်း၏ ပုခုံးတွင် ရိုင်ဖယ်တစ်စင်း လွယ်ထားပြီး ၎င်းကို ဖမ်းဆီးနိုင်ရန် အမေရိကန်ဒေါ်လာ ၂၆,၀၀၀ ဆုကြေးငွေ ထုတ်ပြန်ထားခြင်း ခံရသူဖြစ်သည်။

၎င်း၏ နောက်ကွယ်တွင်မူ ဆယ်စုနှစ်ချီ သက်တမ်းရှိပြီဖြစ်သော L1A1 နှင့် လီ-အင်းဖီး (Lee-Enfield) ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည့် အမျိုးသားနှင့် အမျိုးသမီး စစ်ကြောင်း တစ်ကြောင်းသည် တစ်ဦးနောက်တစ်ဦး စီတန်းလျက် လိုက်ပါလာကြသည်။ ညှပ်ဖိနပ်များ စီးထားပြီး ပူးမား (Puma) တံဆိပ် အားကစားကျောပိုးအိတ်များကို လွယ်ထားသည့် ဤအုပ်စု သည် ၂၀ ရာစုအတွင်း အရင်းရှင်စနစ်ကို တိုက်ခိုက်ကာ အာဏာလုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးလှုပ်ရှားမှု၏ အမွေခံများဖြစ်ကြပြီး ကမ္ဘာ့နောက်ဆုံး လက်ကျန် မော်ဝါဒီ သူပုန်အချို့လည်း ဖြစ်ကြသည်။ ယခုအခါ ၎င်းတို့သည် လက်နက်ချရန် လာရောက်ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ မော်စီတုံး (Mao Zedong) ၏ သွန်သင်ချက်များကို အားကျကာ ၎င်းတို့သည် အိန္ဒိယအစိုးရကို ဖြုတ်ချပြီး ယင်းအစား လူတန်းစားမဲ့ ဥတ္တမစံပြလူ့အဖွဲ့အစည်း (Utopia) တစ်ခု တည်ထောင်ရန် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ၎င်းတို့ ဆင်နွှဲခဲ့သည့် ပုန်ကန်မှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည်။ လွန်ခဲ့သော အနှစ် ၂၀ နီးပါး ပုန်ကန်မှု အထွတ်အထိပ်သို့ ရောက်ရှိစဉ်အချိန်က အိန္ဒိယခေါင်းဆောင်က မော်ဝါဒီများကို နိုင်ငံ၏ အကြီးမားဆုံး ပြည်တွင်းလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့ပြီး၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟူသော ဂုဏ်ပုဒ်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာရန် ရည်မှန်းချက်များ အပေါ် အမည်းစက်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုအခါ ထိုတော်လှန်ရေးသည် ၎င်း၏ နောက်ဆုံးအချိန် (သေအံ့ဆဲဆဲ အခြေအနေ) သို့ ရောက်ရှိနေပြီဖြစ်သည်။

မကြာသေးမီလများအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် မော်ဝါဒီ ထိပ်ပိုင်းခေါင်းဆောင် အဆက်ဆက်ကို ရှင်းလင်းနိုင်ခဲ့ပြီး အခြေခံရဲဘော်များမှာလည်း လက်နက်များ ချနေကြပြီ ဖြစ်သည်။ အိန္ဒိယ၏ အရင်းရှင်စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး၊ အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရသည်လည်း တရားဝင်ရပ်တည်နေသော လက်ဝဲအုပ်စု အတိုက်အခံများကို ရွေးကောက်ပွဲယှဥ်ပြိုင်အနိုင်ယူခြင်းဖြင့် ချေမှုန်းနေသည်။ ယခုနှစ်အတွင်း နိုင်ငံတွင်းမှ မော်ဝါဒီစနစ်ကို အမြစ်ပြတ် တိုက်ဖျက်သွားမည်ဟု အစိုးရက ကြေညာထားသည်။

တောတွင်းမှ ထွက်လာပြီး နာရီပိုင်းအကြာတွင် ပါပါရာအိုနှင့် ၎င်း၏ ရဲဘော် ၁၇ ဦးတို့သည် စင်မြင့်တစ်ခုပေါ်သို့ တက်လှမ်းခဲ့ကြသည်။ ၎င်းတို့ရှေ့တွင် ကင်မရာများစွာ စီတန်းလျက်ရှိပြီး နောက်ခံတွင်မူ ၎င်းတို့ “ ပင်မရေစီးကြောင်းသို့ ပြန်လည်ဝင်ရောက်လာခြင်း” ကို အင်္ဂလိပ် ဘာသာ နှင့် ဟိန္ဒီဘာသာတို့ဖြင့် ရေးသားထားသည်။ ၎င်းတို့ လက်နက်ချခဲ့သည့်ခေတ်ဟောင်း လက်နက်များကို ပြတိုက်ရှိ ပြကွက်များကဲ့သို့ တံဆိပ်ကပ်၍ စီစဉ်ပြသထားပြီး၊ အပြာရောင် အဝတ်စုံ ဖုံးအုပ်ထားသော စားပွဲများပေါ်တွင် ကျည်ကတ်များကို ဟိန္ဒီဘာသာစကားဖြင့် “ သန့်ရှင်းသော သစ္စာဆိုချက်” ဟု အဓိပ္ပာယ်ရသည့် စာလုံးပုံစံ ဖော်ထားကြသည်။

ကင်မရာများ ရိုက်ကူးနေစဉ်အတွင်း သူပုန်ဟောင်းတစ်ဦးစီကို နှင်းဆီပန်းတစ်ပွင့်နှင့် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် တစ်အုပ်စီ ပေးအပ်ခဲ့ပြီး၊ ယင်းမှာ သစ္စာခံမှုအသစ်ကို ပြသသည့် သင်္ကေတတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဒေသခံနိုင်ငံရေးသမားများ၏ မိန့်ခွန်းများ ကို နားထောင်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဓာတ်ပုံတွဲရိုက်ခဲ့ကြကာ၊ ထို့နောက် စင်ပေါ်မှဆင်း၍ အိန္ဒိယနိုင်ငံတော်၏ ရင်ခွင်ခိုလှုံမှုအောက်သို့ ဝင်ရောက်သွားခဲ့ကြသည်။

ဤအခြေအနေသို့ ရောက်ရှိရန် ခရီးလမ်းသည် လွန်ခဲ့သော ရာစုနှစ်တစ်ခုနီးပါးခန့်က မိုင်ပေါင်းရာချီဝေးကွာသော တရုတ်နိုင်ငံတွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က မော်စီတုံးသည် မာ့က်စ်-လီနင်ဝါဒ (Marxist–Leninist theory) ကို ၎င်း၏နိုင်ငံရှိ စက်မှုခေတ်မတိုင်မီ အခြေအနေများနှင့် ကိုက်ညီအောင် ပြန်လည်ပုံဖော်ခဲ့သည်။ ၎င်း၏ ဝါဒအသစ်သည် ဆယ်စုနှစ်များစွာကြာ စစ်ပွဲကို လောင်စာပံ့ပိုးပေးခဲ့ပြီး၊ အဆုံးတွင် ကွန်မြူနစ်လှုပ်ရှားမှုကို အောင်ပွဲဆီသို့ ပို့ဆောင်ပေးခဲ့ကာ ၁၉၄၉ ခုနှစ်တွင် ပေကျင်း၌ နိုင်ငံတော်အာဏာကို ရရှိစေခဲ့သည်။

ထိုနောက်ပိုင်းနှစ်များတွင် ပေကျင်းအစိုးရသည် ဗီယက်နမ်၊ မြောက်ကိုရီးယား၊ ဗမာ (မြန်မာ)၊ မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ကွန်မြူနစ်ရဲဘော်များကို ငွေကြေး သို့မဟုတ် လက်နက်များ ထောက်ပံ့ပေးခဲ့သဖြင့် စစ်အေးတိုက်ပွဲ၏ သဘောတရားရေးရာ ပဋိပက္ခများ အာရှတစ်လွှား ရိုက်ခတ်လာစဉ် ဝါရှင်တန်နှင့် အနောက်နိုင်ငံများ၏ မြို့တော်များတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားခဲ့သည်။

အိန္ဒိယတွင် မော်ဝါဒီပြောက်ကျားများကို “ နက်ဆဲလ်” (Naxals) ဟူသော အခြားအမည် တစ်ခုဖြင့် သိကြသည်။ ထိုအမည်သည် ၁၉၆၇ ခုနှစ်က အိန္ဒိယအရှေ့မြောက်ပိုင်း ဟိမဝန္တာ တောင်ခြေရှိ နက်ဆဲလ်ဘာရီ (Naxalbari) ရွာတွင် ဖိနှိပ်ချုပ်ချယ်သော မြေရှင်များကို ဆန့်ကျင်သည့် တောင်သူလယ်သမားများ၏ အကြမ်းဖက်ပုန်ကန်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယင်း၏ အောင်မြင်မှုသည် နောက်ထပ်ပုန်ကန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်တွင် မော်စီတုံးအစိုးရ၏ အင်္ဂလိပ်ဘာသာသုံး ပြောရေးဆိုခွင့်ရှိသော ‘Peking Review’ မဂ္ဂဇင်းက အိန္ဒိယလယ်သမားများသည် “ မော်စီတုံး အတွေးအခေါ်” ကို ကျင့်သုံးပြီး “ ပဒေသရာဇ်စည်းမျဥ်းများကို ရိုက်ချိုးကာ ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုကို ဖြုတ်ချခဲ့ပုံ” ကို ထောက်ခံချီးကျူး ရေးသားခဲ့သည်။ သို့သော်လည်း ပေကျင်း၏ ထောက်ပံ့မှုသည် နက်ဆဲလ် များကို တိုက်ရိုက်လက်နက်တပ်ဆင်ပေးသည့် အဆင့်အထိမူ ရောက်ရှိပုံမပေါ်ခဲ့ပေ။

ထိုနှစ်အတွင်း ထွက်ပေါ်ခဲ့သော စီအိုင်အေ (CIA) ၏ အစီရင်ခံစာတစ်ခုတွင် ပိုမိုတည်ငြိမ်သော သုံးသပ်ချက်တစ်ခုကို ပေးထားသည်မှာ – “ ၎င်းတို့၏ ဝင်တိုက်ပြီး ပြန်ပြေးသည့် ဗျူဟာများနှင့် ဗုံးခွဲခြင်း၊ လူသတ်ခြင်း၊ စာအုပ်မီးရှို့ခြင်း၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံများနှင့် စာကြည့်တိုက်များကို တိုက်ခိုက်ခြင်း စသည့် ထူးခြားသော လုပ်ရပ်များသည် နက်ဆဲလ်လှုပ်ရှားမှုကို သတင်းစာမျက်နှာထက်သို့ ရောက်ရှိစေခဲ့ပြီး၊ ယင်းမှတစ်ဆင့် စိတ်ဓာတ်ခွန်အားနှင့် အဖွဲ့ဝင်အသစ်များကို ရရှိစေခဲ့သည်” ဟု ဆိုသည်။

နောက်ပိုင်းဆယ်စုနှစ်များအတွင်း အဖွဲ့တွင်း သဘောထားကွဲလွဲမှုများနှင့် အချင်းချင်း တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း၊ နက်ဆဲလ်များသည် အိန္ဒိယအလယ်ပိုင်းနှင့် အရှေ့ပိုင်း ပြည်နယ်အတော်များများကို ဖြတ်သန်းကာ ကျောက်ဆောင်ထူထပ်သော နယ်မြေအကျယ် အဝန်းကြီးဖြစ်သည့် “ စင်္ကြံနီ” (Red Corridor) တွင် ၎င်းတို့၏ စိုးမိုးမှုကို ခိုင်မာစေခဲ့သည်။ ယင်းဒေသသည် အိန္ဒိယနိုင်ငံတော်၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော မျိုးနွယ်စု လူ့အဖွဲ့အစည်း များဖြစ်သည့် အာဒီဗာစီ (Adivasis) များ နေထိုင်ရာဒေသ ဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းများရှိ လူအများစုအတွက် နက်ဆဲလ်များ၏ ပြောကြားချက်များသည် ရင်ထဲသို့ ထိမှန်ခဲ့သည်။

အသက် ၄၅ နှစ်အရွယ် ဆွတ်ခ်မာတီ ဓရုဗ် (Sukhmati Dhruv) သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ hattisgarh ပြည်နယ်၏ ကျေးလက်ဒေသတွင် ကြီးပြင်းလာခဲ့သည့် သူမသည် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရသော ရွာတစ်ရွာအပေါ် ဒေသခံ သစ်တောအရာရှိများက ဖိအားပေးမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး၊ ဆယ်ကျော်သက်အရွယ်တွင် နက်ဆဲလ် အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဓာတ်ခွန်အား ရရှိခဲ့သည်။

“ သူတို့က အိမ်ဆောက်ရင်လည်း အခွန်ကောက်တယ်၊ ထင်းခုတ်ရင်လည်း အခွန်ကောက် တယ်” ဟု သူမက စီအင်န်အင်န်ကို ပြောပြသည်။ “ သူတို့က လူတွေကို ရိုက်နှက်လေ့ရှိတယ်၊ အကြမ်းဖက်မှုတွေ အများကြီးရှိခဲ့တယ်” ဟု သူမက ဆိုသည်။

ပါပါရာအို၏ ဇာတ်ကြောင်းမှာလည်း ဆင်တူသည်။ “ ဒီလှုပ်ရှားမှုမှာ ပါဝင်ရတဲ့ အကြောင်းရင်း က ဆင်းရဲမွဲတေမှုကြောင့်ပါ၊ အဲဒီတုန်းက အစိုးရရဲ့ သစ်တောဌာနနဲ့ ကျေးလက်အုပ်ချုပ် ရေးမှူး တွေက ကျွန်တော်တို့ကို အများကြီး ဒုက္ခပေးခဲ့ကြတယ်” ဟု ၎င်းက ပြီးခဲ့သည့် မတ်လအတွင်း လက်နက်မချမီက စီအင်န်အင်န်ကို ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အင်အားကြီးမားမှုကို တုံ့ပြန်ရန်အတွက် ၎င်းတို့သည် တရုတ်နိုင်ငံတွင် မော်စီတုံး လမ်းညွှန်ခဲ့သည့် ဗျူဟာများဖြစ်သော – ရုတ်တရက်တိုက်ခိုက်ခြင်း၊ လျင်မြန်စွာ ရွှေ့ပြောင်းခြင်းနှင့် လှည့်စားခြင်း စသည်တို့ကို ကျင့်သုံးခဲ့ကြသည်။

ဆွတ်ခ်မာတီက သူမ၏ ရဲဘော်များသည် လက်နက်များ ခိုးယူရန် ရဲစခန်းများကို မည်သို့ စီးနင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ မစ်ရှင်က ရဲတပ်ဖွဲ့ဆီကနေ လက်နက်နှစ်စင်း ရအောင်ယူဖို့ပဲ၊ အကယ်၍ ကျွန်မတို့ ရဲတပ်ဖွဲ့ဆီက လက်နက်နှစ်စင်း ယူနိုင်ခဲ့ရင် မစ်ရှင်အောင်မြင်ပြီလို့ ဆိုလိုတယ်” ဟု သူမက ပြောသည်။

“ ကျွန်တော်တို့ရဲ့ ဗျူဟာတွေက ပြောင်းလဲနေတာပါ” ဟု စီအင်န်အင်န်နှင့် စကားပြောခဲ့သည့် အခြားမော်ဝါဒီဟောင်းတစ်ဦးဖြစ်သူ စာတစ်ရှ် (Satish) က ဆိုသည်။ “ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်လောက်လာနေလဲ၊ ဘယ်လို ပုံစံမျိုးနဲ့လာလဲ၊ ဘယ်လို မြေမျက်နှာသွင်ပြင်လဲ၊ ကျွန်တော်တို့ ရောက်နေတဲ့ ပထဝီဝင်အခြေအနေ၊ ကျွန်တော်တို့မှာရှိတဲ့ လက်နက်နဲ့ ပစ်ခတ်နိုင်စွမ်း အင်အားပေါ် မူတည်ပြီး ပြောင်းလဲပါတယ်”

“ သူတို့ရဲ့ အင်အားကို စိတ်ထဲမှာထားပြီး ကျွန်တော်တို့အတွက် အခွင့်အရေးကို ရှာဖွေတယ်၊ အခြေအနေအရ ဆုတ်ခွာတယ်၊ ဒါမှမဟုတ် တိုက်စစ်ဆင်ရမယ်ဆိုရင် သူတို့ရဲ့ အားနည်းချက် ကို အသုံးချတယ်”

အိုင်တီ (IT) နှင့် ဆော့ဖ်ဝဲလ် ကဏ္ဍများ တိုးတက်လာမှုကြောင့် စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်နေပြီး အိန္ဒိယ၏ အနာဂတ်အပေါ် အကောင်းမြင်မှုများ ရှိနေသည့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဤပုန်ကန်မှုသည် သွေးထွက်သံယိုမှုအများဆုံး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အိုင်တီကဏ္ဍသစ်ကို ဦးဆောင်နေသည့် မြို့ကြီးများအနက် တစ်မြို့ဖြစ်သော ဟိုက်ဒရာဘတ် (Hyderabad) တည်ရှိရာ ပြည်နယ်၏ ဝန်ကြီးချုပ်သည် လုပ်ကြံသတ်ဖြတ်ခံရ လုနီးပါး ဖြစ်ရပ်မှ သီသီလေး လွတ်မြောက်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ခန့်မှန်း ချက်အရ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယတစ်ဝှမ်း၌ နက်ဆဲလ်များသည် စတုရန်းကီလိုမီတာ ၉၂,၀၀၀ ခန့် (အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အရွယ်အစားခန့်) နယ်မြေအပေါ် သြဇာလွှမ်းမိုးထားနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဂ် (Manmohan Singh) က နက်ဆဲလ်များသည် “ အိန္ဒိယနိုင်ငံတော်အတွက် အကြီးမားဆုံး ပြည်တွင်းလုံခြုံရေး စိန်ခေါ်မှု” ဟု ကြေညာခဲ့သည်။ နောက်တစ်နှစ်တွင် စစ်ပွဲ၏ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် hattisgarh ပြည်နယ်တွင် နက်ဆဲလ်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၆ ဦး သေဆုံးခဲ့သည်။

အစိုးရ၏ ခန့်မှန်းချက်များအရ ၂၀၀၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လက်ဝဲစွန်းအစွန်းရောက် မှုကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူပေါင်း ၉,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့သည်။ အကြမ်းဖက်မှု များနှင့်အတူ နက်ဆဲလ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ (သူပုန်များကို တိုက်ခိုက်ရန် ဖွဲ့စည်း ထားသော ဒေသခံ ပြည်သူ့စစ်များအပါအဝင်) နှစ်ဖက်စလုံးသည် ပြန်ပေးဆွဲခြင်း၊ နှိပ်စက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်း အပါအဝင် ထိတ်လန့်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ပဋိပက္ခတစ်လျှောက်လုံးတွင် လူ့အခွင့်အရေးအဖွဲ့များက အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် နက်ဆဲလ်များကို တရားဥပဒေမဲ့ ကွပ်မျက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီးနောက်၊ အဆိုပါ သတ်ဖြတ်မှုများသည် ခုခံကာကွယ်ခြင်း သို့မဟုတ် “ ရင်ဆိုင်တိုက်ပွဲ” အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အကြောင်းပြလေ့ရှိကြောင်း စွပ်စွဲခဲ့ကြသည်။

စစ်ဝတ်စုံဝတ်ဆင်ထားသည့် ခရိုင်အရံစောင့်တပ်ဖွဲ့ (District Reserve Guard – DRG) စစ်ကြောင်းတစ်ခုသည် နက်ဆဲလ်များ၏ နောက်ဆုံးခြေကုပ်စခန်းတစ်ခုဖြစ်သော hattisgarh ပြည်နယ်၊ ဘက်စတာ (Bastar) ခရိုင်ရှိ လူသူကင်းမဲ့သော လမ်းတစ်ခုအတိုင်း စီတန်း လမ်းလျှောက်နေကြသည်။

ဘက်စတာ၏ တောင်ကုန်းများနှင့် တောအုပ်များသည် ပုန်ကန်မှုအတွင်း သွေးအိုင်အထွန်းဆုံး တိုက်ပွဲများကို တွေ့မြင်ခဲ့ရသည်။ လုံခြုံရေးအရာရှိတစ်ဦးက စီအင်န်အင်န်ကို ပြောကြား ရာတွင် လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း ဤနေရာ၌ နက်ဆဲလ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁,၅-၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

သို့သော်လည်း ယခုအခါ အစိုးရအနေဖြင့် ထိုဒေသအပေါ် စိုးမိုးထားနိုင်မှုအပေါ် ပိုမိုယုံကြည်မှု ရှိလာသည့် လက္ခဏာများ ရှိနေသည်။ ဘက်စတာသို့ သွားရာ အဝေးပြေးလမ်းမပေါ်တွင် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) ၏ အမှတ်အသားတစ်ခုဖြစ်လာသော တစ်နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ကျန်းမာရေး လှုပ်ရှားမှုကို မြှင့်တင်သည့် စာတန်းတစ်ခု ချိတ်ဆွဲထားသည်။

ယင်းကို DRG စစ်ကြောင်းတွင်လည်း မြင်တွေ့ရပြီး ၎င်းတို့အနက် အချို့သည် စစ်ဆင်ရေး ရိုင်ဖယ်များကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ကာ လမ်းလျှောက်ရင်း လွှဲရမ်းထား ကြသည်။ နက်ဆဲလ်များကို တိုက်ခိုက်ရန် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် DRG အဖွဲ့သည် ထူထပ်သော တောနက်များ၊ မြစ်များနှင့် တောင်ကုန်းများကြားတွင် နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ကင်းလှည့်လေ့ရှိသည်။ ၎င်းတို့၏ တပ်ဖွဲ့ဝင်အများစုမှာ မော်ဝါဒီဟောင်းများနှင့် အာဒီဗာစီ (Adivasis) များဖြစ်ကြပြီး၊ ၎င်းတို့သည် ဒေသတွင်း မြေမျက်နှာသွင်ပြင်နှင့် နက်ဆဲလ်တို့၏ ဗျူဟာများကို ကျွမ်းကျင်သောကြောင့် ခေါ်ယူစုဆောင်းထားခြင်း ဖြစ်သည်။

“ ခက်ခဲတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်” ဟု DRG အဖွဲ့ဝင် ဓန်ဆိုင်း ကတ်ရှ်ယပ် (Dhansai Kashyap) က ဆိုသည်။ “ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဘေးအန္တရာယ်တွေ ရှိပေမယ့် ကျွန်တော်တို့ကို ကောင်းကောင်း လေ့ကျင့်ပေးထားပါတယ်”

(ဓာတ်ပုံ)

• ဘက်စတာ၏ တောင်ကုန်းများနှင့် တောအုပ်များသည် ပုန်ကန်မှုအတွင်း သွေးအိုင်အထွန်းဆုံး တိုက်ပွဲများကို တွေ့မြင်ခဲ့ရသည်။ Thameer Khashyap

ခရိုင်မြို့တော် ဂျဂ်ဒါပူရ် (Jagdalpur) ရှိ ၎င်း၏ရုံးခန်းတွင် ဘက်စတာခရိုင် ရဲချုပ် ဆွန်ဒါရာ့ဂျ် ပတ်တီလင်ဂမ် (Sundarraj Pattilingam) က ဤတိုက်ပွဲသည် မကြာမီ ပြီးဆုံးတော့မည်ဟု ယုံကြည်ကြောင်း စီအင်န်အင်န်ကို ပြောကြားခဲ့သည်။ မတ်လအထိ စာရင်းများအရ ခရိုင်အတွင်းရှိ နက်ဆဲလ်အရေအတွက်မှာ “ ဂဏန်းနှစ်လုံးအဆင့်” (ရာဂဏန်းအောက်) သို့ ကျဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် ပတ်တီလင်ဂမ်သည် ကင်မရာများရှေ့၌ ပြုလုပ်သည့် ပါပါရာအို၏ လက်နက်ချပွဲသို့ တက်ရောက်ခဲ့သည်။

နက်ဆဲလ်တပ်မှူး အများအပြားမှာမူ အရှင်ဖမ်းမိလေ့မရှိပေ။ စီအင်န်အင်န်နှင့် အင်တာဗျူးတွင် ပတ်တီလင်ဂမ်က မကြာသေးမီလများအတွင်း သတ်ဖြတ်ခြင်းခံခဲ့ရသည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ရွတ်ပြခဲ့ပြီး၊ ထိုသို့ သတ်ဖြတ်နိုင်မှုများက သူပုန်များ၏ လှုပ်ရှားနိုင်စွမ်းကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ယခုမစ်ရှင်အတွက် အရင်းအမြစ်များနှင့် လူအင်အားကို ပုံအောပေးခဲ့ခြင်းက အထောက်အကူဖြစ်စေခဲ့ကြောင်း ပတ်တီလင်ဂမ်က ဆိုသည်။ လက်နက်ချလာသော နက်ဆဲလ်များထံမှ ရရှိသည့် အချက်အလက်များသည်လည်း အရှိန်အဟုန်ကို ပိုမိုကောင်းမွန်စေပြီး လုံခြုံရေးတပ်ဖွဲ့များ နောက်ထပ်စစ်ဆင်ရေးများ ပြုလုပ်ရန် အကူအညီဖြစ်စေကြောင်း ၎င်းက ပြောသည်။

၎င်း၏တပ်ဖွဲ့များသည် ဒေသခံမျိုးနွယ်စု လူဦးရေအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ စစ်ဆင်ရေးအားလုံးကို “ စည်းမျဉ်းများ၊ ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း” ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ “ သူတို့ကို အသေအချာ အသိပညာပေးထားပါတယ်”

ဆွတ်ခ်မာတီသည် ဗဟိုအစိုးရက စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်လာချိန် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် လက်နက်ချခဲ့သူတစ်ဦး ဖြစ်သည်။ ယခုဆောင်းပါးအတွက် စီအင်န်အင်န်က အင်တာဗျူးခဲ့သည့် အခြားမော်ဝါဒီဟောင်းများနှင့်အတူ သူမကိုလည်း ပြန်လည်ထူထောင်ရေးအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အစိုးရအဆောက်အအုံတစ်ခုတွင် ထားရှိသည်။ အစိုးရအရာရှိများ ရှိနေသည့် ထိုအဆောက်အအုံတွင် စကားပြောဆိုရာ၌ သူမသည် အဖွဲ့မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ချိန်က ပုန်ကန်မှု၏ အခြေအနေ အသေးစိတ်ကို ပြောကြားရန် ဝန်မင်းခဲ့သည်။

“ အပြောင်းအလဲတွေအရ အခြေအနေသစ်မှာ ကျွန်မတို့ရဲ့ တိုက်ပွဲက မောပန်းနွမ်းနယ် လာခဲ့ပြီး၊ အဲဒီအချိန်မှာ လှုပ်ရှားမှုကို ရှေ့ဆက်သယ်ဆောင်သွားဖို့ ခက်ခဲခဲ့ပါတယ်” ဟု သူမက ဆိုသည်။

မော်ဝါဒီများ၏ ကျုံ့ဝင်လာသော နယ်မြေသည် အိန္ဒိယ၏ ခေတ်မီတိုးတက်ရေးနှင့် တိုးပွား လာသော စွမ်းအင်လိုအပ်ချက်များအတွက် မရှိမဖြစ်လိုအပ်သည့် ကျောက်မီးသွေး၊ သံနှင့် ဘောက်ဆိုက် (Bauxite) သတ္တုသိုက်ကြီးများပေါ်တွင် တည်ရှိနေသည်။ ယင်းတို့သည် အိမ်ထောင်စုတိုင်းသို့ လျှပ်စစ်မီးပေးမည်ဟူသော မိုဒီ၏ ကတိကဝတ်နှင့် အိန္ဒိယကို ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် ၎င်း၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်တို့အတွက် အရေး ပါလှသည်။

ရဲအရာရှိ ပတ်တီလင်ဂမ်က နက်ဆဲလ်များကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းအပြင်၊ အရေးကြီးသည့် နောက်ထပ်အပိုင်းတစ်ခုမှာ “ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်” နှင့် “ တောတွင်းရှိ ဒေသခံလူထုနှင့် လူငယ်များ ပြင်ပကမ္ဘာနှင့် ထိတွေ့ခွင့်ရရှိရန် အခွင့်အရေး ဖန်တီးပေးခြင်း” ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လတွင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက လွှတ်တော်အတွင်း သောင်းသောင်းဖျဖျ လက်ခုပ်တီးအားပေးမှုများကြား၌ နက်ဆဲလ်ဝါဒ ဆန့်ကျင်ရေးတိုက်ပွဲကို အောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

အကျပ်ရိုက်နေသည်မှာ နက်ဆဲလ်သူပုန်များသာ မဟုတ်ပေ။ ယခုလအတွင်း ပြုလုပ်သည့် ပြည်နယ်ရွေးကောက်ပွဲများတွင် တရားဝင်ရပ်တည်နေသော ကွန်မြူနစ်ပါတီများ ဦးဆောင် သည့် မဟာမိတ်အဖွဲ့သည် တောင်ပိုင်း ကီရလာ (Kerala) ပြည်နယ်တွင် ရှုံးနိမ့်ခဲ့ရပြီး၊ ယင်းမှာ ဆယ်စုနှစ်များစွာအတွင်း မာ့က်စ်ဝါဒီ နိုင်ငံရေးပါတီများ အိန္ဒိယ၏ မည်သည့်ပြည်နယ်နှင့် နယ်မြေတွင်မျှ အာဏာမရတော့သည့် ပထမဆုံးအကြိမ် ဖြစ်လာသည်။

သို့သော် အချို့ကမူ သံသယရှိနေကြသည်။ တကယ့် နက်ဆဲလ်ခြိမ်းခြောက်မှုဖြစ်စေ၊ ဖန်တီးထားသော ခြိမ်းခြောက်မှုဖြစ်စေ၊ ယင်းသည် သတ္တုတွင်းများ ဖွင့်လှစ်မည့်အရေးကို ဆန့်ကျင်သည့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများကို အစိုးရက ပုံဖျက်စွပ်စွဲရန် အဆင်ပြေသော နည်းလမ်းတစ်ခုဖြစ်ကြောင်း ပညာရှင် နန်ဒီနီ ဆွန်ဒါ (Nandini Sundar) က ပြောကြားခဲ့သည်။

“ ဒီအတုအယောင် နောက်ဆုံးသတ်မှတ်ချက် (နက်ဆဲလ်ဝါဒကို အမြစ်ပြတ်ချေမှုန်းရန် အစိုးရက သတ်မှတ်ထားသောအချိန်) ဟာ ဘယ်တော့မှ အပြည့်အဝ ဖြစ်လာမှာ မဟုတ် ပါဘူး” ဟု သူမက စီအင်န်အင်န်ကို ပြောသည်။ “ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက် ယောက်က သတ္တုတွင်းတွေကို ဆန့်ကျင်ကန့်ကွက်ရင် သူတို့က ‘သြော်… မော်ဝါဒီတွေ ရှိနေသေးတယ်’ လို့ ပြောကြမှာမို့လို့ပါ”

ပြီးခဲ့သည့် မတ်လက ၎င်း၏ လက်နက်ချပွဲအတွက် စီစဉ်ထားသော နေရာသို့ မရောက်မီ ပါပါရာအိုသည် သစ်ပင်တစ်ပင်အောက်တွင် ထိုင်၍ စီအင်န်အင်န်နှင့် စကားပြောခဲ့သည်။ ၎င်း၏ ရိုင်ဖယ်သေနတ်ကို သစ်ပင်ပင်စည်တွင် ထားရှိပြီး၊ သေနတ်ပြောင်းဝတွင် “ ငြိမ်းချမ်းရေး” ဟု ရေးသားထားသော လက်ပတ်တစ်ခု စွပ်ထားသည်။

“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နိုင်ငံကို လွတ်မြောက်အောင်လုပ်ဖို့ပါ” ဟု ၎င်းက တိုးညှင်း ပြတ်တောင်းသော အသံဖြင့် စီအင်န်အင်န်ကို ပြောကြားခဲ့သည်။ “ အစိုးရမှာ လက်နက်တွေ အများကြီးရှိပြီး လူအများကြီးကို ခြိမ်းခြောက်တယ်။ မော်ဝါဒီပါတီကတော့… ပါတီ အသေးလေး ဖြစ်ပြီး လက်နက်လည်း နည်းပါးခဲ့ပါတယ်”

(ဓာတ်ပုံများ)

• ပါပါရာအိုအား စီအင်န်အင်န်နှင့် အင်တာဗျူးစဉ်အတွင်း တွေ့ရစဉ် (Vikas Tiwari)

• ၂၀၂၆ ခုနှစ်၊ မတ်လက ဆ hattisgarh ပြည်နယ်တွင် အိန္ဒိယအာဏာပိုင်များထံ မော်ဝါဒီဟောင်းများ လက်နက်ချစဉ် (Thameer Khashyap/CNN)

• ၂၀၂၆ ခုနှစ်၊ မတ်လက ဆ hattisgarh ပြည်နယ်တွင် ပြုလုပ်သည့် လက်နက်ချပွဲ၌ မော်ဝါဒီများထံမှ အိန္ဒိယအာဏာပိုင်များ သိမ်းဆည်းရမိသော သေနတ်များကို ပြသထားစဉ် (Thameer Khashyap/CNN) (ဓာတ်ပုံ)

• ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က အစည်းအဝေးတစ်ခုတွင် မော်စီတုံး မိန့်ခွန်းပြောကြားနေစဉ်။ (Fox Photos/Hulton Archive/Getty Images)(ဓာတ်ပုံ)

• မော်ဝါဒီဟောင်း ဆွတ်ခ်မာတီ ဓရုဗ် အား စီအင်န်အင်န်နှင့် အင်တာဗျူးစဉ်အတွင်း တွေ့ရစဉ်။ (Thameer Khashyap/CNN) (ဓာတ်ပုံ)

• ၂၀၀၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်က အိန္ဒိယအလယ်ပိုင်း ဆ hattisgarh ပြည်နယ်၊ အဘူဂျ့်မာ့ခ် (Abujh Marh) တောအုပ်အတွင်း မော်ဝါဒီသူပုန်များ လေ့ကျင့်ခန်းလုပ်နေစဉ်။ (Mustafa Quraishi/AP) (ဓာတ်ပုံ)

• မော်ဝါဒီသူပုန်များ၏ “ စင်္ကြံနီ” သည် ပြည်နယ်အတော်များများကို ဖြတ်သန်း တည်ရှိနေပြီး၊ အိန္ဒိယနိုင်ငံတော်၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော မျိုးနွယ်စု လူ့အဖွဲ့အစည်းများဖြစ်သည့် အာဒီဗာစီများ နေထိုင်ရာဒေသဖြစ်သည်။ Thameer Khashyap

ဘာသာပြန်သူမှတ်ချက်။ ယခုဆောင်းပါးသည် အိန္ဒိယနိုင်ငံတွင်းရှိနှစ်ဆယ်စုပေါင်းများစွာ အရင်းရှင်ဒီမိုကရေစီစံနစ်ကို တော်လှန်ခဲ့သည် မော်ဝါဒီများအကြောင်းကို တင်ပြထားသည့် စိတ်ဝင်စားစရာ ဆောင်းပါး တပုဒ်ဖြစ်သည့်အတွက် ဗဟုသုတရရှိစေရန် ဖော်ပြ လိုက်ခြင်း။ မိမိခံစားချက်နှင့် တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နည်းပညာကြောင့် အင်အားကြီးရန်သူကို ယူကရိန်း အသာစီးရနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ယူကရိန်းရှိ ရုရှားစစ်ပွဲ ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စ်ပွဲပြီးဆုံးသွားပြီဟု ထရမ့်ပြောကြားသော်လည်း သဘောတူညီချက်ရရှိမှုကို အီရန်ဘက်က အတည်မပြုသေး၊ နောက်ဆုံးရသတင်းများ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်ရေးသားသူ – Elise Hammond အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “စစ်ပွဲကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် တိုက်ပွဲများရပ်တန့်ရန် နှစ်ဦးနှစ်ဖက်စလုံးက “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” တစ်ခုအပေါ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့် သင်္ကေတ အဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိသော “8647” ဟူသည့် ဂဏန်းများသည်
နိုင်ငံတကာသတင်း

ဆိုမာလီဒိုင်လူကြီးကို ဥရောပစူပါကပ်ပွဲစဉ်တွင် တာဝန်ထမ်းဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခန့်အပ်၊ ၎င်းအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 3 Views
Aljazeera News- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် အိုမာ အာတန် (Omar Artan) သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်တာဝန်ခံ ဒိုင်လူကြီးများစာရင်းတွင် ပါဝင်ခဲ့သော်လည်း အမေရိကန်က ၎င်းအား ပြည်ဝင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မည်ဟု ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် တဟီရန်နှင့် အမေရိကန်တို့ ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ထရမ့် က အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များကိုပါ ထိန်းချုပ်သွားမည်ဟု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

NN- နောက်ဆုံးရသတင်း -၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၁ရက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
• အမေရိကန်၏ တိုက်ခိုက်မှုများ – အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အီရန်စစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များ၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်၏ အချုပ်အခြာအာဏာကို “ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 11 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက် အီရန်နိုင်ငံအပေါ် အမေရိကန်၏ နောက်ဆုံး တိုက်ခိုက်မှုများသည် နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာကို “ ထင်ရှားစွာ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ဆိုလိုက်ပြီး၊