ဇွန်လ (၁၁)ရက်။
မကွေးထောင်မှာ မတရားဖမ်းဆီးခံထားရတဲ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို ထောင်အာဏာပိုင်တွေက မတရားသိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် အကျဉ်းသားတွေကို အခင်းမပါဘဲ သမံတလင်းပေါ်မှာသာ နေခိုင်းသလို သောက်သုံးရေလဲ လုံလောက်စွာ အသုံးမပြုရဘဲ တရက်ကို ရေတခွက်သာ သောက်သုံးခွင့်ပေးတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပုံစံခဏခဏ ထိုင်ခိုင်းကာ ရိုက်သတ်လို့ရတယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုတာအပါအဝင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကို နှိပ်စက်ညှင်းပန်းနေတယ်လို့ ဆိုထားပါတယ်။
ဒီလို ဖိနှိပ်တာတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ရဲဘော် (၄၂)ဦးကို ထောင်ဝင်စာပိတ်တာ၊ ပါဆယ်ပို့ခွင့်မပေးတာတို့အပြင် တိုက်ပိတ် ထားတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီထဲက နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂)ဦးဟာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခံထားရကာ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို အကြမ်းဖက် ဖိနှိပ်ရက်စက်တာတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာတို့နဲ့အညီ ထားရှိဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် ကျူးလွန်တဲ့ ထောင်ဝန်ထမ်းတွေကနေ အစပြုပြီး ထောင်ပိုင်ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည်တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေအားလုံး အပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို မေ့ပျောက်မထားဘဲ အမြဲမပြတ်စုံစမ်းကာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








