ဇွန်လ (၁၂)ရက်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။
Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတာလို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရတဲ့ ဖီဖာဟာ အခုတစ်ကြိမ်မှာလဲ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့တာနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုတာတို့ကို ထပ်မံပြသလိုက်တာလို့ ဖော်ပြထားပါတယ်။
ဒီလိုလက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်တွေနဲ့ ဖီဖာဟာ အကျင့်ပျက်ခြစားတာတွေနဲ့ သွေးစွန်းညစ်ထေးနေတဲ့ စစ်အုပ်စုကို အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်တာလို့ ရေးသားထားပါတယ်။
စစ်တပ်ရဲ့ ရှယ်ယာပိုင်ဆိုင်တာတွေဟာ Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ပဉ္စမနှစ်ကနေ နဝမနှစ် ကာလထဲ အမေရိကန်ဒေါ်လာ သန်း(၂၇၀)ထိရှိနိုင်ပြီး နောက်ပိုင်း (၅)နှစ်ထဲမှာ အမေရိကန်ဒေါ်လာ သန်း (၄၅၀)အထိ ထပ်မံရရှိနိုင်တယ်လို့ JFM က ခန့်မှန်းထားပါတယ်။
စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးတာနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးတဲ့ Mytel ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးနေတာလို့လဲ ပြောဆိုထားပါတယ်။
နောက်ပြီး ဖီဖာဟာ စစ်တပ်ခရိုနီနဲ့ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဌအနေနဲ့ ခန့်အပ်ခဲ့တဲ့ အဓိပ္ပာယ်မဲ့ပြီး မနှစ်မြို့ဖွယ် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီးနောက်ပိုင်း အခုလို Mytel နဲ့ စီးပွားရေးဆက်ဆံတဲ့ကိစ္စ ထပ်မံပေါ်ထွက်လာတာပါ။
ဒါ့ကြောင့် ဖီဖာအနေနဲ့ မြန်မာစစ်အုပ်စုအပါအဝင် သူတို့ရဲ့ ခရိုနီတွေနဲ့ ပူးပေါင်းဆက်ဆံနေတာကို ရပ်တန့်ဖို့နဲ့ ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လိုက်နာဖို့ JFM က တိုက်တွန်းထားတယ်လို့ သိရပါတယ်။








