နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့် ပြုလုပ် ထားသော လမ်းဘေးဆိုင်းဘုတ်ကြီးပေါ်တွင် ထင်ရှားစွာ ရေးထွင်းထားသည်။ ထိုဆိုင်းဘုတ်တွင် ဘား (Valve) နှင့် တကွ အစုံအလင် ပါရှိသည်။

သို့သော် ၎င်းသည် ဆောင်ပုဒ်သက်သက်မျှသာ မဟုတ်ပါ။

၁၉၁၂ ခုနှစ်တွင် တွမ်ဆလစ်ခ် (Tom Slick – ၎င်း၏ အမည်ရင်းဖြစ်သည်) ဟုခေါ်သော အမျိုးသားတစ်ဦးသည် ယခုအခါ ဒရမ်ရိုက် (Drumright) ဟု ခေါ်ဆိုသည့် နေရာကို ဖြတ်သန်း သွားစဉ် ရေနံနံ့ ရရှိခဲ့သည်။ ထို့ကြောင့် သူသည် ထိုမြေကွက်ကို တစ်ဧကလျှင် ၁ ဒေါ်လာနှုန်း ဖြင့် ဝယ်ယူကာ စတင်တူးဖော်ခဲ့ရာ ထိုစဉ်က အိုကလာဟိုးမား၏ အကြီးဆုံး ရေနံတွင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ယနေ့ခေတ်တွင်မူ အိမ်နီးနားချင်းဖြစ်သော ကူးရှင်းမြို့သည် အမေရိကန် စွမ်းအင်စျေးကွက်၏ ဗဟိုချက်မ ဖြစ်လာခဲ့သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု၏ ရေနံပိုက်လိုင်း စနစ်တစ်ခု လုံးကို စီမံခန့်ခွဲပေးနေခြင်း ဖြစ်သည်။ ယင်းနေရာသည် အမေရိကန်၏ စံသတ်မှတ်ချက် ဖြစ် သော West Texas Intermediate (WTI) ရေနံစျေးနှုန်းကို သတ်မှတ်ရာနှင့် ရေနံများ သိုလှောင် ရာ နေရာ ဖြစ်သည်။ ထိုနေရာမှတစ်ဆင့် ရေနံများကို တစ်နိုင်ငံလုံးရှိ သန့်စင်စက်ရုံ များ သို့ ပိုက်လိုင်းများဖြင့် ဖြန့်ဖြူးပေးသည်။

ပုံမှန်အချိန်များတွင် ကူးရှင်းသည် ရေနံစည်ပေါင်း သန်း ၄၀ ခန့် သိုလှောင်ထားလေ့ရှိပြီး စည်ပေါင်း ၇၅ သန်းအထိ သိုလှောင်နိုင်စွမ်း ရှိသည်။

သို့သော် ယခုအချိန်သည် ပုံမှန်အချိန်မဟုတ်ပါ။

ကူးရှင်းတွင် ရေနံ အဘယ်ကြောင့် ပြတ်လပ်နေသနည်း

အမေရိကန် စွမ်းအင်ပြန်ကြားရေးဌာန (EIA) ၏ အဆိုအရ လက်ရှိတွင် ကူးရှင်း၏ ရေနံ လက်ကျန်မှာ စည်ပေါင်း ၂၁.၆ သန်းသာ ရှိတော့သည်။

၎င်းသည် လုပ်ငန်းလည်ပတ်မှု အကျပ်အတည်းဖြစ်စေမည့် အန္တရာယ်ရှိသော ပမာဏသို့ နီးကပ်နေပြီဖြစ်ပြီး ကူးရှင်းအနေဖြင့် ၎င်း၏ ဖောက်သည်များ အလိုရှိသလောက် ရေနံကို လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ရန် ရုန်းကန်ရတော့မည့် အလှည့်အပြောင်း အချက်ပင် ဖြစ်သည်။

ကူးရှင်း၏ ရေနံလက်ကျန်သည် သန်း ၂၀ အောက်သို့ ရောက်ရှိသွားပါက စည်၏အောက်ခြေရှိ အသုံးမပြုနိုင်သော အနှစ်အနယ်များသာ ကျန်ရှိတော့သဖြင့် အနှစ်သာရအားဖြင့် ရေနံ လုံးဝကုန်ခမ်းသွားသည့် သဘော ဖြစ်သည်။

ကူးရှင်းတွင် ရေနံ ပြတ်လပ်သွားပါက ရေနံစျေးကွက်အတွင်း ထူးဆန်းသော ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) သာ မကြာမီ ပြန်မပွင့်ဘူး ဆိုလျှင် ယင်းအခြေ အနေက မည်သို့ရှိမည်ကို သိရှိနိုင်ရန် သီတင်းပတ်အနည်းငယ်သာ လိုတော့မည်ဖြစ်သည်။

ကူးရှင်းတွင် ရေနံပြတ်လပ်နေရခြင်းမှာ အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့် စက်သုံးဆီကို ပုံမှန်ရယူနေကြသည့် ကမ္ဘာ့ဒေသများအတွက် အမေရိကန်သည် နောက်ဆုံးအားကိုးရာ ထောက်ပံ့ပေးသူ ဖြစ်လာသောကြောင့် ဖြစ်သည်။ အီရန်စစ်ပွဲအတွင်း အမေရိကန်ရေနံ ဝယ်လိုအားသည် စံချိန်တင် မြင့်တက်ခဲ့ပြီး အမေရိကန်၏ ရေနံတူးဖော်သူများ ပြန်လည် ဖြည့်တင်းနိုင်သည်ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ကူးရှင်းမှ ရေနံစိမ်းများ စီးထွက်သွား ခဲ့သည်။

သို့သော် ၎င်းသည် ကူးရှင်းတစ်ခုတည်း၏ ပြဿနာမဟုတ်ပါ။

အမေရိကန်၏ ဒီဇယ်လက်ကျန်သည် မကြာသေးမီက ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဓာတ်ဆီလက်ကျန်များလည်း ကျဆင်းနေပြီး လွန်ခဲ့သော တစ်နှစ်ကထက် ၅ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်။ ကူးရှင်းအပြင်ဘက်ရှိ အခြားသော အမေရိကန် စီးပွားဖြစ် ရေနံစိမ်းသိုလှောင်ရုံများမှ ရေနံများသည်လည်း အလျင်အမြန် ကုန်ခမ်းနေပြီး ပြီးခဲ့သည့် သီတင်းပတ်တစ်ခုတည်းတွင်တင် ရေနံစည် ၇.၂ သန်း လျော့နည်း သွားခဲ့သည်။

သိုလှောင်ကန်များ ခမ်းခြောက်သွားပါက ဘာဖြစ်လာမည်နည်း

အမေရိကန် ရေနံစျေးကွက်သည် အမှန်တကယ် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်နေရသည်ဟု လတ်တလောတွင် မခံစားရသေးသည်မှာ အမှန်ပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေနံစိမ်းထောက်ပံ့မှု ပြတ်တောက်မှုကို ကြုံတွေ့နေရ သော်လည်း အီရန်နှင့် သုံးလကျော်ကြာ ဖြစ်ပွားနေသော စစ်ပွဲအတွင်း အမေရိကန်၏ ရေနံနှင့် စက်သုံးဆီစျေးနှုန်းများသည် စံချိန်တင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမသွားသေးပေ။ ထို့ပြင် မကြာသေးမီ သီတင်းပတ်များအတွင်း စျေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ပြီး အချို့အချိန် များတွင် သိသိသာသာပင် ကျဆင်းခဲ့သည်။

၎င်းမှာ အဓိကအားဖြင့် အကျပ်အတည်းမတိုင်မီက ကမ္ဘာပေါ်တွင် ရေနံအမြောက်အမြား ပိုလျှံစွာ သိုလှောင်ထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ သိုလှောင်ထားမှုများက ကမ္ဘာလုံး ဆိုင်ရာ ထိခိုက်မှုကို သက်သာစေသည့် ခုခံအားတစ်ခုလို ဖြစ်စေခဲ့သည်။

သို့သော် စီးပွားဖြစ် ရေနံလက်ကျန်များသည် လျင်မြန်စွာ ကုန်ခမ်းလျက်ရှိသည်။ အမေရိကန် စွမ်းအင်ပြန်ကြားရေးဌာန၏ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ၏ ရေနံလက်ကျန်သည် တစ်ရက်လျှင် စည်ပေါင်း ၆.၃ သန်းနှုန်းဖြင့် ကျဆင်းနေပြီး လက်ရှိတွင် ရေနံစည် ၂.၆ ဘီလီယံ သာ ကျန်ရှိတော့သည်။ Capital Economics မှ ရာသီဥတုနှင့် ကုန်စည်ဆိုင်ရာ အခြေခံစီးပွား ရေး ပညာရှင်ချုပ် ဒေးဗစ် အောက်စလေ (David Oxley) က ယင်းပမာဏသည် လုပ်ငန်း လည်ပတ်မှု အကျပ်အတည်းဖြစ်စေမည့် အဆင့်ထက် ရေနံစည် သန်း ၁၀၀ မျှသာ ပိုတော့ကြောင်း ပြောကြားခဲ့သည်။

ရေနံစျေးကွက်သည် သင့်မော်တော်ကားကဲ့သို့ နောက်ဆုံးတစ်စက်ကျန်သည်အထိ မောင်းနှင် ၍မရပါ။ သတ်မှတ်ထားသောအဆင့်အောက် ကျဆင်းသွားပါက ပိုက်လိုင်း များသည် ဖိအား ကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ သန့်စင်စက်ရုံများအနေဖြင့်လည်း ဖောက်သည် များ လိုအပ်သော စက်သုံးဆီ အမျိုးအစားအားလုံးကို မထုတ်လုပ်ပေးနိုင်တော့ပါ။

“လူ့ခန္ဓာကိုယ်ထဲက သွေးဖိအားလိုပါပဲ၊ အဓိကပြဿနာက သွေးလည်ပတ်မှုလိုပါပဲ” ဟု JPMorgan ၏ ကုန်စည်မဟာဗျူဟာအကြီးအကဲ နာတာရှာ ကာနီဗာ (Natasha Kaneva) က ပြောသည်။ “ရေနံတွေ ပျောက်ကွယ်သွားလို့ စနစ်ကြီး ပျက်စီးသွားတာမဟုတ်ဘူး၊ လည်ပတ်မှု ကွန်ရက်ထဲမှာ အလုပ်လုပ်နိုင်တဲ့ ပမာဏ မလုံလောက်တော့လို့ ပျက်စီးရတာပါ” ဟု ဆိုသည်။

ယခုနှုန်းအတိုင်းဆိုလျှင် ကမ္ဘာ့ရေနံစျေးကွက်သည် တစ်လအတွင်း အန္တရာယ်ဇုန်ထဲသို့ ရောက်ရှိသွားနိုင်သည်။

ဆိုလိုသည်မှာ စျေးကွက်သည် အသေးအဖွဲပြဿနာတစ်ခုကြောင့်ပင် လွယ်လွယ်ကူကူ ထိတ်လန့်ခြောက်ခြားမှု ဖြစ်သွားနိုင်သည်။ စျေးနှုန်းများသည် တစ်ရက်နှင့်တစ်ရက် အလွန်အမင်း မငြိမ်မသက် ဖြစ်လာနိုင်ပြီး၊ ပိုက်လိုင်းပေါက်ခြင်း၊ ရေနံသန့်စင်စက်ရုံ မီးလောင်ခြင်း သို့မဟုတ် ရာသီဥတုအခြေအနေတစ်ခုခုကြောင့် ရေနံနှင့် စက်သုံးဆီစျေးနှုန်း များ သိသိသာသာ မြင့်တက်သွားနိုင်သည်။

အဖြေနှစ်ခု ရှိသော်လည်း မည်သည့်အရာမျှ မလွယ်ကူပါ

တင်ပို့မှု ပိတ်ပင်ခြင်း (Export Ban) က ကူးရှင်းရှိ ရေနံများ ခမ်းခြောက်မသွားစေရန်နှင့် စနစ်တစ်ခုလုံး ပိတ်ဆို့မည့်အန္တရာယ်ကို တားဆီးရန် ကူညီပေးနိုင်သည်။ သို့သော် ၎င်းသည် နိုင်ငံရေးအရ ထောက်ခံမှု သိပ်မရှိဘဲ ရေရှည်တွင် စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ခြင်း အပါအဝင် မလိုလားအပ်သော ဆိုးကျိုးများနှင့် ပြည့်နှက်နေသည်။

အခြားအဖြေတစ်ခုမှာ သဘာဝစျေးကွက် ယန္တရားအတိုင်း အလိုအလျောက် ထိန်းကျောင်း သွားစေရန် ဖြစ်သည်။ ယင်းအခြေအနေသည်လည်း အလျင်အမြန်ပင် ဆိုးရွားသွားနိုင်သည်။

ကူးရှင်း၏ ရေနံလက်ကျန်သည် လုပ်ငန်းလည်ပတ်မှု အနိမ့်ဆုံးအဆင့်သို့ နီးကပ်သွားသည့် အကြိမ်တိုင်းတွင် စက်သုံးဆီစျေးနှုန်းများသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ဖူးသည် — ၂၀၀၈၊ ၂၀၂၂၊ ၂၀၂၃ … အစရှိသည်ဖြင့် ဖြစ်ပြီး၊ ယခုလည်း သီတင်းပတ် အနည်းငယ်အတွင်း ထိုစိုးရိမ်ရသည့် အဆင့်သို့ ထပ်မံရောက်ရှိတော့မည် ဖြစ်သည်။

“ကျွန်တော်တို့ အခု သတိပေးခေါင်းလောင်းတီးနေပါပြီ” ဟု အမေရိကန် ရေနံအင်စတီကျု (API) ၏ စီအီးအို မိုက် ဆန်းမားစ် (Mike Sommers) က ယခုသီတင်းပတ်အတွင်း CNN ၏ ဖီးလ် မက်တင်ဂလေ (Phil Mattingly) နှင့် ပြုလုပ်ခဲ့သော The Lead အစီအစဉ်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ စိုးရိမ်ပူပန်ရမယ့် အဆင့်တွေကို ရောက်ရှိနေပါပြီ” ဟု ဆိုသည်။

“တစ်ခါမှမကြားဖူးတဲ့” ရေနံလက်ကျန်အဆင့်တွေဟာ အကျပ်အတည်းအမှတ်ကို ရောက်ရှိ နေပြီ ဖြစ်ကြောင်း ExxonMobil ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ နေလ် ချက်ပ်မန်း (Neil Chapman) က မေလ ၂၈ ရက်နေ့တွင် နယူးယောက်မြို့၌ Bernstein မှ ကြီးမှူးကျင်းပသော ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။

“အဲဒီအချက်ကို ရောက်သွားတာနဲ့ စျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်သွားတာကို မြင်တွေ့ရ လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

Chevron ၏ စီအီးအို မိုက် ဝါ့သ် (Mike Wirth) ကလည်း ထိုညီလာခံတွင်ပင် ရေနံလက်ကျန် အလွန်အမင်းနည်းပါးခြင်းသည် လာမည့်သီတင်းပတ်များတွင် စျေးနှုန်းများ မြင့်တက်လာ လိမ့်မည်ဖြစ်ကြောင်း သဘောတူခဲ့သည်။ အလားတူပင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင် စီ (IEA)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့မှ အကြီးအကဲများကလည်း မေလ ၂၉ ရက် နေ့တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ကမ္ဘာ့ရေနံလက်ကျန်များ စံချိန်တင်နှုန်း ဖြင့် လျော့နည်းလာခြင်းသည် စက်သုံးဆီ ဖူလုံမှု၊ စျေးကွက်နှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေး တို့အတွက် စိုးရိမ်ဖွယ်ရာ အန္တရာယ်များ ဖြစ်ပေါ်စေကြောင်း ထောက်ပြခဲ့ကြသည်။

အကယ်၍ ရေလက်ကြားသာ အပြည့်အဝ ပြန်မပွင့်ပါက ရေနံစျေးနှုန်းသည် ယနေ့တွင် စည် တစ်စည်လျှင် ၉၀ ဒေါ်လာအထက်မှ လာမည့်လများတွင် ၁၄၀ ဒေါ်လာမှ ၁၆၀ ဒေါ်လာအထိ လွယ်လွယ်ကူကူ မြင့်တက်သွားနိုင်ပြီး ဓာတ်ဆီစျေးနှုန်းသည်လည်း ၅ ဒေါ်လာအထက် ကျော်လွန်သွားနိုင်ကြောင်း အောက်စလေက ပြောကြားခဲ့သည်။

“ဒီထက်မက ပိုပြီး မြင့်တက်သွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်” ဟု သူက ဆိုသည်။

နောက်ဆုံးတွင် စျေးကွက်သည် ရေနံထောက်ပံ့မှုကို တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ရှာဖွေ နိုင်လိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် ဥရောပ လေကြောင်းလိုင်းများသည် လေယာဉ် ဆီ အသစ် ပံ့ပိုးပေးမည့်သူ (အမေရိကန်ပြည်ထောင်စု) ကို ရှာဖွေရန် အချိန်ရစေရေးအတွက် လေယာဉ်ခရီးစဉ်များကို လျှော့ချပြီး လေယာဉ်လက်မှတ်ခများကို မြှင့်တင်ခဲ့ကြသကဲ့သို့ ဖြစ်သည်။

သို့သော် ယခုနှစ်ကုန်အထိ အခြေအနေများ ပြေလည်မသွားပါက စျေးနှုန်းများသည် ယခုထက် များစွာ ပိုမိုမြင့်တက်ရန် လိုအပ်လိမ့်မည်ဖြစ်ပြီး စည်တစ်စည်လျှင် ၂၀၀ ဒေါ်လာ နီးပါးအထိ ဖြစ်လာနိုင်ကြောင်း Wood Mackenzie မှ ရေနံသန့်စင်ခြင်း၊ ဓာတုပစ္စည်း များနှင့် ရေနံစျေးကွက်ဆိုင်ရာ အကြီးအကဲ အလန် ဂျဲလ်ဒါ (Alan Gelder) က ပြောကြားခဲ့သည်။

ထိုသို့ဆိုလျှင် ဓာတ်ဆီစျေးနှုန်းသည် တစ်ဂါလန်လျှင် ၉ ဒေါ်လာခန့် ဖြစ်လာမည်ဖြစ်ပြီး ယင်းသည် စားသုံးသူအများစုအတွက် ဓာတ်ဆီနှင့် ရေနံဝယ်လိုအားကို ထိရောက်စွာ ရပ်တန့်သွားစေနိုင်လောက်သည့် အဆင့် ဖြစ်သည်။

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းရှိ ရေနံစိမ်းသိုလှောင်ရုံတစ်ခုအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ကောင်းကင်ယံမှ မြင်တွေ့ရစဉ်။ Dave Ruff/CNN(ဓါတ်ပုံ)

အိုကလာဟိုးမားပြည်နယ်တွင် ဆိုင်းဘုတ်တစ်ခုပေါ်၌ “Cushing Okla – Pipeline Crossroad of the World” (ကူးရှင်း၊ အိုကလာဟိုးမား – ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာလမ်းဆုံ) ဟု ရေးသားထားသည်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့က တွေ့ရစဉ်။ Johannes Eisele/AFP/Getty Images(ဓါတ်ပုံ)

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းရှိ ရေနံစိမ်းသိုလှောင်ရုံတစ်ခုအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၃ ရက် (ဘယ်) နှင့် ၂၀animation၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် (ညာ) တို့တွင် ကောင်းကင်ယံမှ မြင်တွေ့ရစဉ်။ Tom Pennington/Getty Images/Dave Ruff/CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက