နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ၁၄ ချက်ပါ ငြိမ်းချမ်းရေးစီမံကိန်း (ဝေဖန်ဆန်းစစ်ချက် မှတ်စုများနှင့်တကွ)

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက်

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာ (MOU) သည် အပစ်အခတ်ရပ်စဲရေးကို ပိုမိုကျယ်ပြန့်စေရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေကြောင်းသွားလာမှု ပြန်လည်ပတ်စေရန် ရည်ရွယ်သည်။

သို့သော်လည်း အင်္ဂလိပ်ဘာသာဖြင့် စလုံးရေ ၈၀၀ အောက်သာရှိသော ဤ ၁၄ ချက်ပါ အကျဉ်းချုပ်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကဲ့သို့သော ထိရှလွယ်သည့် ကိစ္စရပ် အပါအဝင် အသေးစိတ်အချက်အလက်များစွာကို နောက်ပိုင်းမှ ဆွေးနွေးရန် ချန်လှပ်ထား ခဲ့သည်။ တစ်ဖက်တွင်လည်း ၎င်းသည် အီရန်နိုင်ငံအတွက် ငွေကြေးအမြောက်အမြား ရရှိစေမည်ဟု ကတိပြုထားသည် – ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခြင်းဖြင့် အီရန်အနေဖြင့် ၎င်း၏ရေနံကို ကမ္ဘာသို့ ပြန်လည်ရောင်းချနိုင်မည်ဖြစ်ရုံသာမက၊ ဆိုင်းငံ့ ခံထားရသည့် ဒေါ်လာဘီလီယံပေါင်းများစွာသော ပိုင်ဆိုင်မှုများနှင့် ဘဏ္ဍာရေးထောက်ပံ့မှု ဒေါ်လာ ၃၀၀ ဘီလီယံကိုပါ အီရန်က ရရှိခံစားနိုင်ခြေ ရှိနေသည်။

ထရမ့်အစိုးရသည် အချက်အလက်အများအပြား ပါဝင်သော သဘောတူညီချက်များကို အလွန်နှစ်သက်သူဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခများ အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည့် သဘောတူညီချက်တွင် အချက် ၂၀ ပါရှိသော စီမံကိန်းဖြစ်ပြီး၊ ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် အစိုးရက ချမှတ်ခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့သည့် စီမံကိန်းတွင် အချက် ၂၈ ချက်ပါ ရှိခဲ့သည်။

သတင်းထောက်များနှင့် ဖုန်းဖြင့်ဆက်သွယ်ရာတွင် ထရမ့်အစိုးရ၏ အဆင့်မြင့်အရာရှိတစ်ဦး ဖတ်ကြားပြခဲ့သည့် အဆိုပါ သဘောတူညီချက်မူကြမ်းကို တစ်ချက်ချင်းစီ အသေးစိတ် လေ့လာ ကြည့်ရန် ထိုက်တန်ပါသည်။

၁။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အပြင် လက်ရှိစစ်ပွဲတွင် ပါဝင်နေသော ၎င်းတို့၏ မဟာမိတ်များသည် လီဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲကြောင်း ကြေညာရန် ဤ MOU ကို လက်မှတ်ရေးထိုးကြသည်။ ထို့ပြင် ယခုအချိန်မှစ၍ တစ်ဦးအပေါ်တစ်ဦး မည်သည့်စစ်ပွဲ သို့မဟုတ် စစ်ရေးလှုပ်ရှားမှုကိုမျှ စတင်ခြင်းမပြုရန်၊ တစ်ဦးကိုတစ်ဦး အင်အားသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းတို့မှ ရှောင်ကြဉ်ရန်နှင့် လီဘနွန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာကို အာမခံချက်ပေးရန် ကတိပြုကြသည်။ နောက်ဆုံးသဘောတူညီချက်တွင် လီဘနွန်အပါအဝင် စစ်မျက်နှာအားလုံး၌ စစ်ပွဲအား အပြီးတိုင်ရပ်စဲရေးနှင့် ဤအပိုဒ်ပါ အခြားပြဋ္ဌာန်းချက်များကို အတည်ပြုမည်ဖြစ်သည်။

ဤပထမအချက်တွင် “၎င်းတို့၏ မဟာမိတ်များ” ဟု ဖော်ပြထားသော်လည်း အစ္စရေး သို့မဟုတ် ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ကို အတိအလင်း ထည့်သွင်းပြောကြားထားခြင်း မရှိပေ။ အမေရိကန်အစိုးရသည် အီရန်နှင့်စစ်ပွဲကို အစ္စရေးနှင့်အတူ ပူးတွဲစတင်ခဲ့သော်လည်း၊ လီဘနွန်ရှိ ဟစ်ဇဘိုလာအပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများသည် ဤငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးကြိုးပမ်းမှုကို ရှုပ်ထွေးစေခဲ့သည်။ ထို့ကြောင့် ဂျူးနိုင်ငံ (အစ္စရေး) ၏ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ၎င်းတို့ဘက်မှ ဖျက်လိုဖျက်ဆီးလုပ်လိုသည့် ဆန္ဒ ရှိ၊ မရှိ ဆိုသည်မှာ အဓိကသော့ချက် ဖြစ်လာမည်ဖြစ်သည်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က CNN မှ ဂျိတ်တက်ပါး (Jake Tapper) ကို ပြောကြားရာတွင် ဤအပိုဒ်၏ အဓိပ္ပာယ်မှာ “အီရန်နိုင်ငံအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း များကို ငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရမည်ဖြစ်ပြီး၊ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်အောင် ဖန်တီးနေခြင်းကိုလည်း ရပ်တန့်ရမည်” ဟု ဆိုသည်။

၂။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် တစ်ဦး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တစ်ဦးက လေးစားရန်နှင့် တစ်ဖက်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် ကတိပြုကြသည်။

ဤအချက်သည် သင်္ကေတအရ အရေးပါသောအချက်ဖြစ်သည်။ အမေရိကန်အနေဖြင့် အီရန်အစိုးရကို ဆန့်ကျင်မည့် အတိုက်အခံများကို မြှောက်ပင့်ပေးခြင်း သို့မဟုတ် အစိုးရအပြောင်းအလဲဖြစ်အောင် တွန်းအားပေးခြင်းမျိုး မလုပ်ဆောင်ရန် သဘောတူညီ လိုက်ခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။ စစ်ပွဲစတင်ချိန်က ထရမ့်သည် အီရန်ပြည်သူများအား အာဏာရှင်စနစ်မှ လွတ်မြောက်မည့်အချိန် ရောက်လာပြီဟု ပြောကြားခဲ့ဖူးသည်။ ယခုအခါ အမေရိကန်အစိုးရ၏ အတွေးအခေါ်မှာ ထိုသို့မဟုတ်တော့ကြောင်း ထင်ရှားသည်။

၃။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် နောက်ဆုံး သဘောတူညီချက်ကို အများဆုံး ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းရရှိရန် ကတိပြုကြပြီး၊ နှစ်ဦးသဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်သည်။

ဤ MOU သည် နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိရေးအတွက် ချုပ်ဆိုသည့် သဘောတူညီချက်ဖြစ်သည်။ အမေရိကန်အရာရှိတစ်ဦး၏ အဆိုအရ ထရမ့်နှင့် သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) တို့သည် ဇွန်လ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြသည်ဟု သိရသဖြင့် ရက် ၆၀ သတ်မှတ်ချက်သည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကုန်ဆုံး မည် ဖြစ်သည်။ သို့သော်လည်း ထိုရက်ကို သက်တမ်းတိုးနိုင်သည်မှာ သေချာပါသည်။

ဆွေးနွေးပွဲများ၏ အရှိန်အဟုန်ကို သက်ရောက်မှုရှိစေမည့် အရေးကြီးသော ရက်စွဲအချို့ အီရန်ပြက္ခဒိန်တွင် ရှိနေသည်။ ၎င်းတို့မှာ ဇွန်လ ၂၅ ရက်နေ့တွင် ကျရောက်မည့် အစ္စလာမ် ဘာသာရေးပွဲတော် အာရှူရာ (Ashura) နေ့နှင့် စစ်ပွဲ၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုများ အတွင်း သေဆုံးခဲ့သည့် အဓိကခေါင်းဆောင်ကြီး အာယတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကို ရက်ပေါင်းများစွာ ကြာမြင့်မည့် ဂူသွင်းသင်္ဂြိုဟ်ခြင်း အခမ်းအနားတို့ ဖြစ်သည်။ အဆိုပါ သင်္ဂြိုဟ်ခြင်းလုပ်ငန်းစဉ်သည် အီရန်တွင် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၉ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

၄။ ဤ MOU ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ချက်ချင်းဆိုသလို အမေရိကန်ပြည်ထောင်စု သည် ၎င်း၏ ရေကြောင်းပိတ်ဆို့မှုများအပြင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အနှောင့် အယှက် သို့မဟုတ် အဟန့်အတားဖြစ်စေသည့် မည်သည့်အရာကိုမဆို စတင်ဖယ်ရှားပေးမည် ဖြစ်ပြီး၊ ရက်ပေါင်း ၃၀ အတွင်း ရေကြောင်းပိတ်ဆို့မှုကို အပြီးတိုင် ရပ်စဲမည်ဖြစ်သည်။ ယင်းကာလအတွင်း ရေယာဉ်များ သွားလာမှုကို စစ်မဖြစ်မီက သွားလာမှုပမာဏအတိုင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ပြန်လည်အသက်သွင်းလုပ်ဆောင်ပေးရမည်။ အမေရိကန်ပြည်ထောင်စုသည် နောက်ဆုံးသဘောတူညီချက်ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် နီးကပ်သော ဝန်းကျင်ဒေသများမှ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းရန် ထပ်လောင်းကတိပြုသည်။

အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအပေါ် နောက်ဆုံးတွင် အချုပ်အခြာအာဏာ ဆက်လက်ထိန်းသိမ်းထားနိုင်မည်လော ဆိုသည်ကိုမူ ဤနေရာတွင် ထည့်သွင်းပြောကြား ထားခြင်း မရှိပေ။ အမေရိကန်အနေဖြင့် ၎င်း၏ ရေကြောင်းပိတ်ဆို့မှုကို အပြီးတိုင်ရုပ်သိမ်း ရန် ဇူလိုင် ၁၉ ရက်အထိ အချိန်ရှိသည်။ ဤအချက်က အမေရိကန်သည် “ပတ်ဝန်းကျင် ဒေသများ” မှ တပ်ဖွဲ့များကို ရုပ်သိမ်းလိမ့်မည်ဟုလည်း ဆိုလိုနေသည်။ ၎င်းသည် ပါရှန်ကွေ့ရှိ နိုင်ငံအများအပြားတွင် အခြေစိုက်ထားသည့် အမေရိကန်တပ်ဖွဲ့များကို ရည်ညွှန်းခြင်း ဖြစ်နိုင်ခြေ နည်းသော်လည်း၊ စစ်ပွဲအတွင်း ဒေသတွင်းသို့ ထပ်မံစေလွှတ်ခဲ့သည့် အမေရိကန် စစ်သည်အင်အား ၅၀,၀၀၀ ခန့်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

၅။ ဤ MOU ကို လက်မှတ်ရေးထိုးပြီးနောက် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ပါရှန်ကွေ့မှ အိုမန်ပင်လယ် (Sea of Oman) သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာမည့် ကုန်သွယ်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်ရေး အတွက် ရက်ပေါင်း ၆၀ မျှသာ အခကြေးငွေ လုံးဝကောက်ခံခြင်းမရှိဘဲ ၎င်း၏ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုများဖြင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ကုန်သွယ်ရေယာဉ်များ သွားလာမှုကို ချက်ချင်းစတင်မည်ဖြစ်ပြီး၊ နည်းပညာနှင့် စစ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားရေးနှင့် မိုင်းရှင်းလင်းရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားကာ ရက်ပေါင်း ၃၀ အတွင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက အကောင်အထည်ဖော်ရမည်ဖြစ်သည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေများနှင့် ဟော်မုဇ် ရေလက်ကြား ကမ်းရိုးတန်းနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးများနှင့်အညီ ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်စီမံခန့်ခွဲမှုနှင့် ရေကြောင်းဝန်ဆောင်မှုများကို သတ်မှတ်ရန် အခြားပါရှန်ကွေ့ ကမ်းရိုးတန်းနိုင်ငံများနှင့်အတူ အိုမန်စူလတန်နိုင်ငံ (Sultanate of Oman) နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်သည်။

အီရန်သည် ရေနံတင်သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို အနှောင့်အယှက်မရှိဘဲ၊ အခကြေးငွေ သို့မဟုတ် အကောက်ခွန်ပေးဆောင်ရန်မလိုဘဲ ဖြတ်သန်းခွင့်ပြုရန် သဘောတူ ညီခဲ့သော်လည်း၊ ၎င်းမှာ MOU သက်တမ်းဖြစ်သော ရက် ၆၀ အတွက်သာ ဖြစ်သည်။ အနာဂတ်တွင် အီရန်နှင့် ၎င်း၏ ပါရှန်ကွေ့အိမ်နီးချင်းနိုင်ငံများ (အိုမန်အပါအဝင်) သည် နိုင်ငံတကာဥပဒေနှင့် ကိုက်ညီမည့် စနစ်သစ်တစ်ခုကို ဆုံးဖြတ်ကြလိမ့်မည်ဟု MOU တွင် ဖော်ပြထားသည်။ ၎င်းက အနာဂတ်တွင် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ အခကြေးငွေ အသစ်များ ရှိလာနိုင်ကြောင်း ပြသနေပြီး၊ အကယ်၍ ဖြစ်လာခဲ့လျှင် ၎င်းသည် အမေရိကန် ဘက်က အကြီးအကျယ် လိုက်လျောမှုတစ်ခု ဖြစ်လာနိုင်သလို အီရန်အတွက် လည်း အမြဲတမ်း ဝင်ငွေလမ်းကြောင်းအသစ်တစ်ခု ဖြစ်လာနိုင်သည်။

၆။ အမေရိကန်ပြည်ထောင်စုသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ ပါဝင် သော အပြီးသတ်၊ နှစ်ဦးသဘောတူ အစီအစဉ်တစ်ခုကို ဒေသတွင်းမိတ်ဖက်များနှင့်အတူ ဖော်ဆောင်ရန် ကတိပြုသည်။ ဤစီမံကိန်း အကောင်အထည်ဖော်မှု ယန္တရားကို ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်၏ အစိတ် အပိုင်းတစ်ခုအဖြစ် အပြီးသတ်မည် ဖြစ်သည်။ သက်ဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်များအတွက် လိုအပ်သော လိုင်စင်များ၊ ကင်းလွတ်ခွင့်များနှင့် ခွင့်ပြုချက်အားလုံးကို အမေရိကန်ပြည်ထောင်စုက ခွင့်ပြုပေးမည်ဖြစ်သည်။

ထို့ကြောင့် နွေရာသီအကုန်တွင် အီရန်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာ ၃၀၀ ဘီလီယံကို အသုံးပြုခွင့် ရရှိနိုင်သည်။ ဤပမာဏသည် အီရန်၏ ဆိုင်းငံ့ခံထားရသော ပိုင်ဆိုင်မှုများ၏ တန်ဖိုးထက် သော်လည်းကောင်း၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့် အတွက် သင်္ဘောများထံမှ နှစ်ပေါင်းများစွာ အခကြေးငွေကောက်ခံ၍ ရရှိမည့် ပမာဏ ထက်သော်လည်းကောင်း များစွာသာလွန်သော အလွန်များပြားသည့် ငွေပမာဏဖြစ်သည်။ ပူးတွဲဘက်စုံလှုပ်ရှားမှုစီမံကိန်း (JCPOA) လက်မှတ်ရေးထိုးပြီးနောက် အီရန်အား ၎င်း၏ ကိုယ်ပိုင်ငွေထဲမှ ယခုထက် များစွာနည်းပါးသော ပမာဏကိုသာ အသုံးပြုခွင့်ပေးခဲ့ခြင်းအပေါ် ထရမ့်က မကြာခဏ ပြစ်တင်ဝေဖန်ခဲ့ဖူးသည်ကို ထည့်သွင်းစဉ်းစားလျှင်လည်း ဤပမာဏမှာ အလွန်ကြီးမားလှသည်။ ပင်လယ်ကွေ့နိုင်ငံ (Gulf states) များထံမှ ရရှိလာလိမ့်မည်ဟု ထရမ့် ပြောကြားထားသည့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုငွေ ဒေါ်လာ ၃၀၀ ဘီလီယံသည် အီရန်က ၎င်း၏ ရေနံရောင်းချမှုမှ ရှာဖွေနိုင်သည့် ငွေကြေးနှင့် သီးခြားစီဖြစ်ပုံရသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

၇။ အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ အပါအဝင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အမျိုးအစားအားလုံးကို ရုပ်သိမ်းရန် ကတိပြုသည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အုပ်ချုပ်ရေးမှူးများအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ အမေရိကန်၏ တစ်ဦးတည်းအလိုအရ ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံး (တိုက်ရိုက်နှင့် သွယ်ဝိုက်သော ပိတ်ဆို့မှုများ) ကို နောက်ဆုံးသဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် သဘောတူထားသည့် အချိန်ဇယားအတိုင်း ရုပ်သိမ်းပေးမည်ဖြစ်သည်။ အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အထက်ဖော်ပြပါ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးကိစ္စ၏ အလွန်အရေးကြီးမှုကို အသိအမှတ်ပြုကြပြီး၊ ယင်းကိစ္စရပ်များအပေါ် အပြန်အလှန် သဘောတူညီချက်ရရှိစေရန် ညှိနှိုင်းဆွေးနွေးမှုများတွင် ချက်ချင်းဖြေရှင်း ဆောင်ရွက်သွားရန် ၎င်းတို့၏ ဆန္ဒကို ဖော်ပြခဲ့ကြသည်။

အမေရိကန်သည် ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကတည်းက အီရန်အပေါ် အမျိုးအစား စုံလင်လှသော ပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့မှုများနှင့် နိုင်ငံတကာ ပိတ်ဆို့မှုများ နှစ်ခုစလုံးကို အဆုံးသတ်ပေးမည်ဟူသော ဤကတိကဝတ်သည် အစ္စလာမ္မစ် သမ္မတနိုင်ငံ (အီရန်) အား ၎င်း၏ ရေနံဓနကို နည်းလမ်းသစ်များဖြင့် အသုံးချခွင့် ရရှိစေမည် ဖြစ်သည်။

ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးခြင်းသည် ထရမ့်၏ ပထမသက်တမ်းအတွင်းက ဖျက်သိမ်း ခဲ့သည့် အိုဘားမားခေတ်က သဘောတူညီချက်ဖြစ်သော JCPOA ထက်ပင် ပိုမိုကျယ်ပြန့် သည်။ အဆိုပါ သဘောတူညီချက် (JCPOA) သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဆက်စပ်နေသော သွယ်ဝိုက်သော ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

ဤခြေလှမ်းသည် ရေနံကဏ္ဍတစ်ခုတည်းတင်မကဘဲ ပိုမိုကျယ်ပြန့်သည်။ ဥပမာအားဖြင့် လက်ရှိ ပိတ်ဆို့မှုများသည် အီရန်အား နိုင်ငံတကာဘဏ်လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်ခွင့်ကို တားဆီးထားသည်။ အမေရိကန်၏ ပိတ်ဆို့မှုအများအပြားမှာ အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ဟစ်ဇဘိုလာကဲ့သို့သော အုပ်စုများကို အီရန်က ထောက်ပံ့နေခြင်းနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအချက်သည် အလွန်ကျယ်ပြန့်သော လိုက်လျောမှုတစ်ခု ဖြစ်လာနိုင်သည်။

၈။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် နျူကလီးယားလက်နက်များ ဝယ်ယူခြင်း သို့မဟုတ် တီထွင်ခြင်းမပြုလုပ်ပါဟု ထပ်လောင်းအတည်ပြုသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် သန့်စင်ပြီး နျူကလီးယားပစ္စည်းများ သိုလှောင်ထား ရှိမှုကို IAEA ၏ ကြီးကြပ်မှုအောက်တွင် ထိုနေရာ၌ပင် အနည်းဆုံးနည်းစနစ်ဖြင့် အဆင့် လျှော့ ချရန် (down-blended) အပိုဒ် ၇ တွင် ဖော်ပြထားသည့် အချိန်ဇယားနှင့်အညီ အပြန်အလှန် သဘောတူညီမည့် ယန္တရားတစ်ခုအရ ဖြေရှင်းဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။ နှစ်ဖက်စလုံးသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ နျူကလီးယား လိုအပ်ချက် များနှင့် ဆက်စပ်၍ နျူကလီးယားသန့်စင်မှုဆိုင်ရာ ကိစ္စရပ်နှင့် အခြားအပြန်အလှန် သဘောတူထားသည့် ကိစ္စရပ်များကို နောက်ဆုံးသဘောတူညီချက်တွင် စိတ်ကျေနပ်ဖွယ် မူဘောင်တစ်ခုအပေါ် အခြေခံကာ ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

နောက်ဆုံးသဘောတူညီချက်တွင် ဤအပိုဒ်ပါ ပြဋ္ဌာန်းချက်များကို အတည်ပြုမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် အထက်ဖော်ပြပါ နျူကလီးယားကိစ္စရပ်များ၏ အလွန်အရေးကြီးမှုကို အသိအမှတ်ပြုကြသည်။ ၎င်းတို့သည် ယင်းကိစ္စရပ်များအပေါ် အပြန်အလှန် သဘောတူညီချက်ရရှိစေရန် ညှိနှိုင်းဆွေးနွေးမှု များတွင် ချက်ချင်းဖြေရှင်းဆောင်ရွက်သွားရန် ၎င်းတို့၏ ဆန္ဒကို ဖော်ပြခဲ့ကြသည်။

အီရန်အနေဖြင့် နျူကလီးယားလက်နက် ဘယ်တော့မှ ပိုင်ဆိုင်မည်မဟုတ်ကြောင်း သဘောတူညီခဲ့သည့်အတွက် ဤကတိကဝတ်သည် မိမိ၏အောင်ပွဲဖြစ်သည်ဟု ထရမ့်က အငြင်းပွားလိမ့်မည်။ အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် နျူကလီးယားမပြန့်ပွားရေးစာချုပ် (NPT) ကို လက်မှတ်ရေးထိုးစဉ်ကတည်းက ဤကတိကဝတ်ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု တုံ့ပြန်လိမ့်မည်။ သို့သော် နျူကလီးယားကိစ္စ၏ အသေးစိတ်အချက်အလက်များနှင့် အီရန်၏ နျူကလီးယားစွမ်းအင်ကို ဆက်လက်လုပ်ဆောင်နိုင်မည့် စွမ်းရည်တို့သည် ဤသဘော တူညီချက်တွင် မပြတ်မသား ဆက်ရှိနေဆဲဖြစ်သည်။ အီရန်အနေဖြင့် ဤ MOU တွင် နျူကလီးယားစွမ်းအင် ရရှိရေးရည်မှန်းချက်ကို စွန့်လွှတ်ရန် ကတိမပြုထားသည်မှာ သတိပြုစရာဖြစ်သည်။ ထို့ပြင် ဤအသုံးအနှုန်းသည် “မည်သည့်အခြေအနေမျိုးတွင်မဆို အီရန်သည် နျူကလီးယားလက်နက်များကို ရှာဖွေခြင်း၊ တီထွင်ခြင်း သို့မဟုတ် ရယူခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါ” ဟု အတိအလင်းဖော်ပြထားသည့် JCPOA တွင်ပါဝင်သော အသုံးအနှုန်းလောက် ခိုင်မာမှုမရှိပေ။

၉။ နောက်ဆုံးသဘောတူညီချက် မရရှိမီအထိ အမေရိကန်ပြည်ထောင်စုနှင့် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် လက်ရှိအခြေအနေ (Status Quo) ကို ဆက်လက် ထိန်းသိမ်းထားရန် သဘောတူညီကြသည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ၎င်း၏ နျူကလီးယားအစီအစဉ်၏ လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုသည် မည်သည့်ပိတ်ဆို့မှုအသစ်ကိုမျှ ချမှတ်မည်မဟုတ်သလို ဒေသတွင်းသို့ ထပ်တိုးတပ်ဖွဲ့များ စေလွှတ်ခြင်း မပြုလုပ်ပါ။

လက်ရှိအခြေအနေမှာ အီရန်၏ ယူရေနီယံသိုလှောင်မှုများသည် မြေအောက်တွင် မြှုပ်နှံ ထားပြီး အမေရိကန်က ၎င်းတို့ကို တက်ကြွစွာ သိမ်းယူရန် မကြိုးပမ်းခြင်းဖြစ်သည်။ ပိတ်ဆို့မှုအသစ်များနှင့် ပတ်သက်၍မူ အမေရိကန်သည် စစ်ပွဲစတင်ကတည်းက ပိတ်ဆို့မှု အသစ်များစွာကို ချမှတ်ခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဒီဂျစ်တယ် ပိုင်ဆိုင်မှု များနှင့် သင်္ဘောသယ်ယူပို့ဆောင်ရေး ကွန်ရက်များကို ပစ်မှတ်ထားခဲ့ကြသည်။

၁၀။ အမေရိကန်ပြည်ထောင်စုသည် ဤ MOU ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ချက်ချင်း ဆိုသလို ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးဆုံးသည်အထိ၊ အီရန်၏ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများ နှင့် ၎င်းတို့မှ ထုတ်လုပ်သော ပစ္စည်းများ တင်ပို့ခြင်းအပြင် ဘဏ်လုပ်ငန်းဆိုင်ရာ အရောင်း အဝယ်များ၊ အာမခံများ၊ သယ်ယူပို့ဆောင်ရေးစသည်တို့ အပါအဝင် ဆက်စပ်ဝန်ဆောင်မှု အားလုံးအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကင်းလွတ်ခွင့်လိုင်စင်များ ထုတ်ပေး ရန် ကတိပြုသည်။

နောက်ဆုံးသဘောတူညီချက်ကို ညှိနှိုင်းနေစဉ်အတွင်း အမေရိကန်သည် ပိတ်ဆို့မှုများ ရှိနေလင့်ကစား အီရန်အား ၎င်း၏ရေနံကို ရောင်းချခွင့်ပြုမည်ဖြစ်သည်။ ဤသည်မှာ အီရန်စီးပွားရေးအတွက် ချက်ချင်းသက်သာရာရစေမည့် အကျိုးအမြတ်များသော လိုက်လျောမှုတစ်ခုဖြစ်သည်။ ၎င်းသည် စစ်ပွဲကြောင့် ပိတ်ဆို့သွားခဲ့ရသော ရေနံ ထောက်ပံ့မှုကို ပြန်လည်ရရှိစေခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်သည်။

၁၁။ အမေရိကန်ပြည်ထောင်စုသည် ဤ MOU ကို စတင်အကောင်အထည် ဖော်သည် နှင့်တပြိုင်နက် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ဆိုင်းငံ့ခံထားရသော သို့မဟုတ် ကန့်သတ် ထားသော ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို အပြည့်အဝ အသုံးပြုနိုင်စေရန် ဆောင်ရွက် ပေးရန် ကတိပြုသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် ညှိနှိုင်းဆွေးနွေးမှုများအတွင်း အဆိုပါ ရန်ပုံငွေများ လွှတ်ပေးရေးနှင့်ပတ်သက်သည့် လုပ်ထုံး လုပ်နည်းများကို နှစ်ဦးသဘောတူ သတ်မှတ်ကြမည်ဖြစ်သည်။ ထိုသို့သော ရန်ပုံငွေများကို မူလအကောင့်တွင် ဆက်လက်ထားရှိသည်ဖြစ်စေ၊ လွှဲပြောင်းပေးသည်ဖြစ်စေ အီရန်အစ္စ လာမ္မစ် သမ္မတနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ပေးထားသည့် မည်သည့် နောက်ဆုံး အကျိုး ခံစားခွင့်ရှိသူကိုမဆို ငွေပေးချေရန်အတွက် အပြည့်အဝ အသုံးပြုနိုင်စေရမည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းနှင့်အညီ လိုအပ်သော လိုင်စင်များနှင့် ခွင့်ပြုချက် အားလုံးကို ထုတ်ပေးရန် ကတိပြုသည်။

ဤပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးခြင်းသည် သေးငယ်သော ခြေလှမ်းတစ်ခုမဟုတ်ပေ။ သဘောတူညီချက်မပြီးပြတ်မီက အီရန်အနေဖြင့် ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လည် လွှတ်ပေး ရန် တောင်းဆိုထားခဲ့ကြောင်း အဓိကခေါင်းဆောင်ကြီး အာယတိုလာ မိုဂျာတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ၏ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မိုဆင် ရေဇာအီ (Mohsen Rezaei) က CNN သို့ ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း နောက်ဆုံးတွင် အဆိုပါ ကိန်းဂဏန်းသည် ယခုထက် များစွာ ပိုမိုကြီးမား သွားနိုင်သည်။ အီရန်၏ ဆိုင်းငံ့ခံထားရသော ရန်ပုံငွေများ၏ တိကျသော တန်ဖိုးကို လူသိ ရှင်ကြား ထုတ်ပြန်ထားခြင်း မရှိသော်လည်း၊ အီရန်သတင်းမီဒီယာများနှင့် လေ့လာဆန်းစစ် သူများက ၎င်းသည် ဒေါ်လာ ၁၂၄ ဘီလီယံနှင့် ၁၆၇ ဘီလီယံအကြား ရှိနိုင်ကြောင်း ခန့်မှန်း ထားကြသည်။ နောက်ဆုံးတွင် ပြန်လည်လွှတ်ပေးမည့် ရန်ပုံငွေများ၏ အစိတ်အပိုင်း အများ အပြားကို အီရန်နိုင်ငံပြင်ပရှိ ကုန်ပစ္စည်းများနှင့် သွင်းကုန်များအတွက် သုံးစွဲသွားရန် ရှိနေသည်။

၁၂။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် ဤ MOU အောင်မြင်စွာ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန်နှင့် နောက်ဆုံးသဘောတူညီချက် အပေါ် အနာဂတ်တွင် လိုက်နာဆောင်ရွက်မှုကို ကြီးကြပ်ရန်အတွက် အမှုဆောင်ယန္တရား (executive mechanism) တစ်ခု ထူထောင်ရန် သဘောတူညီကြသည်။

နှစ်ဖက်စလုံးသည် သဘောတူညီချက်ကို လိုက်နာခြင်းရှိ၊ မရှိ အတည်ပြုရန် လုပ်ငန်းစဉ် တစ်ခုကို သဘောတူကြမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် စံပြပုံစံတစ်ခုကို လိုချင် ပါက ထရမ့်က သူ၏ ပထမသက်တမ်းတွင် ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် အီရန်ကလည်း စွန့်လွှတ်ခဲ့သည့် JCPOA ကို ပြန်လည်ကြည့်ရှုနိုင်သည်။

၁၃။ ဤ MOU ကို လက်မှတ်ရေးထိုးပြီးနောက်၊ ဤ MOU ၏ အပိုဒ် ၁၊ ၄၊ ၅၊ ၁၀ နှင့် ၁၁ တို့ကို စတင်အကောင်အထည်ဖော်ခြင်းနှင့် ယင်းအစီအမံများကို ဆက်လက်အကောင်အထည် ဖော်ခြင်းအပေါ် မူတည်၍ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် အခြားအပိုဒ်များနှင့် ပတ်သက်၍သာ နောက်ဆုံးသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးမှု များကို သီးသန့်စတင်မည်ဖြစ်သည်။

ဤ MOU ကို အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် အမေရိကန်သည် ၎င်း၏ ရေကြောင်း ပိတ်ဆို့မှုကို ရုပ်သိမ်းရမည်ဖြစ်ပြီး အီရန်အား ၎င်း၏ ဆိုင်းငံ့ခံထားရသော သို့မဟုတ် ကန့်သတ်ထားသော ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို အသုံးပြုခွင့်ပေးရမည် ဖြစ်သည်။ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ပေးရမည်ဖြစ်သည်။ ပိုမိုကြီးမားသော သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အဆိုပါ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် လိုအပ်သည်။

သဘောတူညီချက်များသည် အဆင့်လိုက်လာမည်ဖြစ်ပြီး လုပ်ဆောင်ချက်အပေါ်တွင် မူတည်လိမ့်မည်ဟု ဗန့်စ်က ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။ “သူတို့ဘက်က လုပ်ဆောင်ရမယ့်အချက်တွေကို လုပ်ဆောင်မယ်ဆိုရင် သူတို့ကို ကမ္ဘာ့စီးပွားရေးထဲကို ကြိုဆိုဖို့ ကျွန်တော်တို့မှာ စွမ်းရည်ရှိပါတယ်” ဟု ဗန့်စ်က တက်ပါးကို ပြောကြားခဲ့သည်။ “တစ်ဖက်ကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ သူတို့ဘက်က တာဝန်ဝတ္တရားတွေကို မကျေပွန်ဘူးဆိုရင် ဘာမှရမှာမဟုတ်ဘူးလို့ ပြောနိုင်တဲ့ စွမ်းရည်လည်း ကျွန်တော်တို့မှာ ရှိပါတယ်” ဟု ဆိုသည်။

၁၄။ နောက်ဆုံးသဘောတူညီချက်ကို စည်းနှောင်မှုရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရမည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ဤ MOU သည် အီရန်နှင့် အမေရိကန် နှစ်နိုင်ငံအကြားသာ ချုပ်ဆိုခြင်းဖြစ်သော်လည်း၊ နောက်ဆုံးသဘောတူညီချက်ကို ဗီတိုအာဏာရှိသည့် အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နှင့် ရုရှား) ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီတစ်ခုလုံးက ထောက်ခံအတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း နှစ်ဖက် စလုံးက သဘောတူထားကြခြင်း ဖြစ်သည်။ ၎င်းသည် သဘောတူညီချက်ကို ဖောက်ဖျက်ခြင်း အား ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်လာစေပြီး၊ အနာဂတ် အမေရိကန်အစိုးရ သို့မဟုတ် အီရန်အစိုးရတို့အတွက် သဘောတူညီချက်ကို ပယ်ဖျက်ရန် ပိုမိုခက်ခဲသွားစေမည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 21 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စ်ပွဲပြီးဆုံးသွားပြီဟု ထရမ့်ပြောကြားသော်လည်း သဘောတူညီချက်ရရှိမှုကို အီရန်ဘက်က အတည်မပြုသေး၊ နောက်ဆုံးရသတင်းများ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်ရေးသားသူ – Elise Hammond အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “စစ်ပွဲကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် တိုက်ပွဲများရပ်တန့်ရန် နှစ်ဦးနှစ်ဖက်စလုံးက “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” တစ်ခုအပေါ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့် သင်္ကေတ အဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိသော “8647” ဟူသည့် ဂဏန်းများသည်