CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက်
သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။
သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက “မလုပ်ပါ” ဟု အကြိမ်ကြိမ် ပြောဆိုထားသည့် အရာကို အတိအကျ လုပ်ဆောင်ခဲ့သည်။ ၎င်းသည် သတင်းမီဒီယာများမှတစ်ဆင့် လူသိရှင်ကြား စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းပုံရပြီး၊ သီတင်းပတ်ကုန်က ဆွေးနွေးပွဲများအကြောင်းကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့သည့်အပြင် သောကြာနေ့ နံနက်ပိုင်းတွင်လည်း သတင်းထောက်အချို့နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့သည်။ ထိုအချိန်တွင် ပါကစ္စတန် ကြားဝင်စေ့စပ်ပေးသူများက တီဟီရန်ရှိ အီရန်အရာရှိများနှင့် ဆွေးနွေးနေမှုများကို ၎င်းထံ အဆင့်ဆင့် အစီရင်ခံနေချိန် ဖြစ်သည်။
အီရန်ဘက်က အချက်အလက် အတော်များများကို သဘောတူညီခဲ့ပြီဟု ၎င်းက အခိုင်အမာ ပြောဆိုခဲ့သော်လည်း၊ ဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ ထိုအချက်များကို အတည်မပြုရသေးကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အီရန်ဘက်က အမေရိကန်၏ အငြင်းပွားဖွယ်ရာ အရှိဆုံး တောင်းဆိုချက်များ (သန့်စင်ပြီး ယူရေနီယံများ လွှဲပြောင်းပေးရန် အချက်အပါအဝင်) ကို သဘောတူခဲ့ကြောင်းနှင့် စစ်ပွဲသည် မကြာမီ အဆုံးသတ်တော့မည် ဖြစ်ကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။
အီရန်အရာရှိများကမူ ထိုပြောဆိုချက် အတော်များများကို လူသိရှင်ကြား ငြင်းဆိုခဲ့ကြပြီး နောက်ထပ် ဆွေးနွေးပွဲများအတွက် ပြင်ဆင်နေခြင်း မရှိကြောင်းလည်း ငြင်းချက်ထုတ် ခဲ့ကြရာ၊ သဘောတူညီချက်အပေါ် ထားရှိသည့် အကောင်းမြင်စိတ်များ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မည်သို့ ဆက်ဖြစ်မည်ကို မသေချာတော့ပေ။
သမ္မတ၏ လူသိရှင်ကြား မှတ်ချက်ပေးမှုများသည် ဆွေးနွေးပွဲများအတွက် ထိခိုက်နစ်နာ စေကြောင်း အချို့သော ထရမ့်အစိုးရ အရာရှိများက CNN သို့ သီးသန့် ဝန်ခံခဲ့ကြသည်။ ညှိနှိုင်းမှုများ၏ ထိခိုက်လွယ်သည့် သဘောသဘာဝနှင့် အီရန်တို့၏ အမေရိကန်အပေါ် နက်နက်ရှိုင်းရှိုင်း မယုံကြည်မှုကို ၎င်းတို့က ထောက်ပြကြသည်။ ထို့ပြင် ပိုမိုရှုပ်ထွေးစေသည့် အချက်မှာ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီ (Abbas Araghchi) တို့ ဦးဆောင်သည့် အီရန် ညှိနှိုင်းရေး အဖွဲ့နှင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကြားတွင် သဘောထားကွဲလွဲ မှုများ ရှိနေနိုင်သည်ဟု အမေရိကန် အရာရှိများက သံသယရှိနေခြင်းဖြစ်ရာ မည်သူက အပြီးသတ် လက်မှတ်ရေးထိုးနိုင်မည်နည်းဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။
“အီရန်ဘက်ကတော့ သမ္မတက ဆိုရှယ်မီဒီယာကနေတစ်ဆင့် ညှိနှိုင်းနေတာကိုရော၊ သူတို့ သဘောမတူရသေးတဲ့ အချက်တွေ ဒါမှမဟုတ် သူတို့ ပြည်သူတွေ သဘောမကျမယ့် အချက်တွေကို သဘောတူလိုက်ပြီဆိုပြီး ပုံဖော်တာကိုရော မနှစ်မြို့ကြဘူး” ဟု ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့ပြီး အီရန်တို့သည် အားနည်းသူများအဖြစ် မြင်တွေ့ ရမည်ကို အထူး စိုးရိမ်နေကြကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
သမ္မတ၏ ပြောဆိုချက်များထဲတွင်- အီရန်သည် ၎င်း၏ နူကလီးယား အစီအစဉ်ကို “ အကန့်အသတ်မရှိ” ရပ်ဆိုင်းရန် သဘောတူခဲ့ကြောင်း Bloomberg သို့ ပြောကြားချက် ပါဝင်သည်။ ထို့ပြင် CBS News သို့ ပြောကြားရာတွင်လည်း တီဟီရန်သည် “ အရာအားလုံးကို သဘောတူခဲ့သည်” ဟု ဆိုကာ သန့်စင်ပြီး ယူရေနီယံများ ဖယ်ရှားရန် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုသည်။ Axios သို့ ပြောကြားရာတွင်မူ တွေ့ဆုံပွဲသည် “ သီတင်းပတ်ကုန် တွင် ဖြစ်နိုင်သည်” ဟု ပြောခဲ့ပြီး “ နောက်တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း သဘောတူညီချက် ရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆိုခဲ့သည်။
ဝါရှင်တန်နှင့် တီဟီရန်ကြားရှိ ထိခိုက်လွယ်သော အပစ်အခတ်ရပ်စဲရေးသည် တနင်္ဂနွေနေ့တွင် ထပ်မံ စမ်းသပ်ခံခဲ့ရသည်။ အိုမန်ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ်၏ ပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန် ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန် လမ်းညွှန်ဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘောက ပစ်ခတ်ဖမ်းဆီးခဲ့ရာ အီရန်တို့အား ပိုမို ဒေါသထွက်စေခဲ့သည်။
ယခုအခါ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မည့် အချိန်တွင် ထရမ့်သည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံ ရင်ဆိုင်နေရသည်- သဘောတူညီ ချက်တစ်ခုကို (မပြည့်စုံလျှင်ပင်) လက်ခံမည်လော၊ သို့မဟုတ် ၎င်းကိုယ်တိုင် အဆုံးသတ် တော့မည်ဟု တစ်ချိန်က ပြောခဲ့သော ပဋိပက္ခကို ပိုမို ပြင်းထန်အောင် လုပ်ဆောင်မည်လော ဆိုသည်ပင် ဖြစ်သည်။
တနင်္လာနေ့တွင် အီရန်အရာရှိများသည် ထပ်မံညှိနှိုင်းရန် ငြင်းဆန်မှု လျော့နည်းလာပုံ ရသော်လည်း မည်သည့် သဘောတူညီချက်မျိုး ဖြစ်လာမည်ဆိုသည်မှာ မသဲကွဲသေးပေ။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က “ အိုဘားမား အစိုးရလက်ထက်က ဆိုးရွားလှတဲ့ သဘောတူညီချက်နဲ့ မတူဘဲ အခု အမေရိကန်ဟာ သမ္မတ ထရမ့်ရဲ့ ညှိနှိုင်းနိုင်စွမ်းကြောင့် အီရန်နဲ့ ကောင်းမွန်တဲ့ သဘောတူညီချက် ရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပါပြီ။ သမ္မတ ထရမ့်ရဲ့ ရေရှည်ဗျူဟာကို နားမလည်နိုင်တဲ့ သူတွေဟာ လူအတွေ ဒါမှမဟုတ် တမင် သိလျက်နဲ့ လျစ်လျူရှုနေတဲ့သူတွေပဲ ဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။
ထရမ့်သည် ညှိနှိုင်းမှုများအတွက် အနီရောင်စည်း (အလျှော့မပေးနိုင်သည့် အချက်များ) အချို့ကို သတ်မှတ်ထားရာ အီရန်က ယူရေနီယံ သန့်စင်မှုကို ရပ်တန့်ရန်နှင့် ဗုံးလုပ်ရန် အဆင့်နီးပါးရှိသော လက်ကျန်ပစ္စည်းများကို လွှဲပြောင်းပေးရန်တို့ ပါဝင်သည်။ အခြားတစ်ဖက်တွင်လည်း တီဟီရန်က ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဆက်လက် ထိန်းချုပ်ခွင့်ပေးရန်နှင့် အမေရိကန်၏ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
ပထမအကျော့ ဆွေးနွေးပွဲများအတွင်း အမေရိကန် ညှိနှိုင်းရေးမှူးများက အီရန်၏ ယူရေနီယံ သန့်စင်မှုကို အနှစ် ၂၀ ကြာ ရပ်နားထားရန် အဆိုပြုခဲ့ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ အီရန်ဘက်ကမူ ၅ နှစ်ကြာ ရပ်နားရန် တုံ့ပြန်ခဲ့သော်လည်း အမေရိကန်ဘက်က ငြင်းပယ်ခဲ့ကြောင်း အရာရှိတစ်ဦးက ဆိုသည်။
မကြာသေးမီက အီရန်ဘက်မှ အဆိုပြုချက်တစ်ခုတွင် ၁၀ နှစ်ကြာ ရပ်နားထားပြီးနောက် နောက်ထပ် ဆယ်စုနှစ်တစ်ခုတွင် လက်နက်အဆင့် မဟုတ်သည့် အခြေအနေထိသာ သန့်စင်ရန် သဘောတူထားကြောင်း သိရသည်။ သို့သော်လည်း ထရမ့်ကမူ အကန့်အသတ်မရှိ ရပ်နားစေလိုပြီး အနှစ် ၂၀ ရပ်နားရန် အဆိုပြုချက်ကိုပင် သဘောမကျကြောင်း သတင်းထောက်များကို ပြောကြားထားသည်။
ထို့ပြင် အီရန်က ၎င်းတို့၏ အဆင့်မြင့် သန့်စင်ထားသော ယူရေနီယံများကို လွှဲပြောင်း ပေးပါက၊ အမေရိကန်တွင် ပိတ်ဆို့ခံထားရသော အီရန်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၂၀ ဘီလီယံကို ပြန်လည် ထုတ်ပေးရန် ထရမ့်အစိုးရက စဉ်းစားနေကြောင်း CNN က ယခင်က ဖော်ပြခဲ့ ဖူးသည်။
တစ်ဖက်နှင့်တစ်ဖက် မည်မျှ အလျှော့ပေးနိုင်မည်နည်း ဆိုသည်မှာ သဘောတူညီချက် ရ၊ မရကို အဆုံးအဖြတ် ပေးလိမ့်မည်။ ထရမ့်အတွက် အဓိက အရေးကြီးသည့်အချက်မှာ ၂၀၁၈ ခုနှစ်တွင် ၎င်းကိုယ်တိုင် နုတ်ထွက်ခဲ့ပြီး အားနည်းလွန်းသည်ဟု အမြဲ ဝေဖန်ခဲ့သော အိုဘားမား လက်ထက်က (JCPOA) ကဲ့သို့သော သဘောတူညီချက်မျိုး မဖြစ်ရန်ပင် ဖြစ်သည်။
အနည်းဆုံးအားဖြင့် ညှိနှိုင်းရေးမှူးများသည် အမေရိကန်နှင့် အီရန်ကြား မူဘောင် သဘောတူညီချက်တစ်ခု ရရှိရန် မျှော်လင့်နေကြပြီး၊ ၎င်းမှတစ်ဆင့် နောက်ပိုင်း သီတင်းပတ်များတွင် အသေးစိတ် အချက်အလက်များကို ဆွေးနွေးသွားရန် ရည်ရွယ်သည်။
သို့သော်လည်း ဤချဉ်းကပ်ပုံအပေါ် ဝေဖန်သူများလည်း ရှိနေပြီး၊ အီရန်သည် စစ်ပွဲအတွင်း မြှုပ်နှံထားသည့် ၎င်းတို့၏ ဒုံးကျည်စနစ်အချို့ကို ပြန်လည် ဖော်ထုတ်ရန်အတွက် အချိန်ဆွဲ နေခြင်းသာ ဖြစ်နိုင်ကြောင်း သတိပေးထားကြသည်။
အမေရိကန် ပြည်သူများကြားတွင် စစ်ပွဲသည် လူကြိုက်နည်းလာပြီး ဓာတ်ဆီစျေးနှုန်း မြင့်တက်လာမှုများ ရှိနေသော်လည်း၊ မိမိအနေဖြင့် သဘောတူညီချက် ရရှိရန် ဖိအား မရှိကြောင်း ထရမ့်က တနင်္လာနေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။
“ ကျွန်တော့်မှာ ဘယ်လို ဖိအားမှ မရှိပါဘူး။ ဒါပေမဲ့ အရာအားလုံးကတော့ တော်တော်လေး မြန်မြန်ဆန်ဆန် ဖြစ်လာမှာပါ” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့သည်။
သမ္မတ၏ ဆိုရှယ်မီဒီယာ ပို့စ်များက ဆွေးနွေးပွဲများကို ထိခိုက်စေနိုင်ကြောင်း အကြံပေးများက ၎င်းအား တင်ပြထားခြင်း ရှိ၊ မရှိကို တနင်္လာနေ့ နေ့လယ်ပိုင်းအထိ မသိရသေးပေ။ မွန်းတည့်ချိန်တွင် ၎င်းသည် စစ်ပွဲနှင့် ပတ်သက်၍ Truth Social တွင် အကြိမ်ပေါင်းများစွာ တင်ခဲ့ရာ စုစုပေါင်း စာလုံးရေ ၉၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
၎င်း၏ လူသိရှင်ကြား မှတ်ချက်ပေးမှုများသည် ဆွေးနွေးပွဲများ၏ မသေချာ မရေရာမှုများကို ပိုမို တိုးပွားစေခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ထရမ့်က ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) သည် လုံခြုံရေး အကြောင်းပြချက်များကြောင့် ယခုအကျော့ ဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း လူအချို့အား ပြောကြားခဲ့သည်။ ထိုအချိန်မှာပင် ၎င်း၏ အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိ နှစ်ဦးဖြစ်သော ကုလသမဂ္ဂ သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ် (Mike Waltz) နှင့် စွမ်းအင်ဝန်ကြီး ခရစ်ရိုက် (Chris Wright) တို့က ရုပ်သံအစီအစဉ်များတွင် ပထမအကျော့ကဲ့သို့ပင် ဗန့်စ်သည် ပါကစ္စတန် (Islamabad) ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဟု ပြောကြား ခဲ့ကြသည်။
အဆုံးတွင် အရာရှိများ ပြောသည်မှာ မှန်ကန်သွားပြီး ထရမ့် ပြောသည်မှာ မှားယွင်း နေခဲ့သည်။ “ အခြေအနေတွေ ပြောင်းသွားလို့ပါ” ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက CNN သို့ ရှင်းပြခဲ့သည်။
တစ်ရက်အကြာတွင် ထရမ့်သည် ၎င်း၏ ဒုတိယခေါင်းဆောင်၏ တည်နေရာနှင့် ပတ်သက်၍ ထပ်မံ ရှုပ်ထွေးစေသော သတင်းတစ်ခု ပေးခဲ့ပြန်သည်။ New York Post မှ သတင်းထောက် တစ်ဦးအား ဗန့်စ်သည် လေယာဉ်ပေါ်တွင် ရောက်နေပြီး ပါကစ္စတန်သို့ နာရီပိုင်းအတွင်း ဆင်းသက်တော့မည်ဟု ပြောခဲ့သည်။ သို့သော် ခေတ္တမျှအကြာတွင် ဗန့်စ် လိုက်ပါလာသည့် ယာဉ်တန်းသည် အိမ်ဖြူတော်၏ West Wing သို့ ရောက်ရှိလာခဲ့သည်။
“ ကိုယ်စားလှယ်အဖွဲ့ မကြာခင် ခရီးထွက်တော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အိမ်ဖြူတော် အရာရှိက ရှင်းလင်းခဲ့ရသည်။
ဗန့်စ်သည် အင်္ဂါနေ့တွင် ဝါရှင်တန်မှ ထွက်ခွာရန် စီစဉ်ထားပြီး၊ ဆွေးနွေးပွဲများကို ဗုဒ္ဓဟူးနေ့ နံနက်တွင် အစ္စလာမ်မာဘတ်၌ စတင်ရန် လျာထားသည်။ ဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ အခြေအနေသည် “ အပြောင်းအလဲ ရှိနိုင်သည်” ဟု သတိပေးထားသည်။
မကြာမီ သက်တမ်းကုန်တော့မည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၏ ကံကြမ္မာသည် လည်း အလားတူပင် ဖြစ်သည်။ တနင်္လာနေ့က ထရမ့်နှင့် သတင်းထောက်တစ်ဦး၏ ဖုန်းပြောဆိုမှုအရ သတ်မှတ်ရက်မှာ ပြောင်းလဲသွားပုံရသည်။ ၎င်းသည် အပစ်အခတ် ရပ်စဲရေးကို ဧပြီလ ၇ ရက် ညနေ ၆:၃၂ တွင် စတင် ကြေညာခဲ့သဖြင့် နှစ်ပတ်ပြည့်မည့် အချိန်မှာ ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ ညနေပိုင်း ဖြစ်သည်။
သို့သော်လည်း ထရမ့်က Bloomberg သို့ ပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေးသည် “ ဝါရှင်တန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေ” တွင် ကုန်ဆုံးမည်ဟု ဆိုကာ ဆွေးနွေးပွဲများအတွက် ၂၄ နာရီ ထပ်တိုးပေးခဲ့သည်။ ၎င်းသည် အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဗုံးကြဲဖျက်ဆီးမည် (စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှု) ဆိုသည့် အစီအစဉ်ကို မလုပ်ဆောင်မီ ဆုံးဖြတ်ရမည့် အချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို ထပ်တိုးရန်မှာမူ “ မဖြစ်နိုင်သလောက်ပင်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ၎င်းသည် အပစ်အခတ်ရပ်စဲရေးကို တိုးမြှင့်ပေးမည်၊ မပေးမည်အပေါ် အရင်ကတည်းက ရှေ့နောက်မညီသော စကားများကို ပြောဆိုခဲ့ဖူးသည်။ ပြီးခဲ့သည့် အပတ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေး တိုးမည်လားဟု ၅ ကြိမ် မေးမြန်း ခံရရာတွင် ကွဲပြားခြားနားသော အဖြေ ၃ မျိုး ပေးခဲ့သည်-
“သဘောတူညီချက် မရရင် တိုက်ပွဲတွေ ပြန်စမှာပဲ” ဟု တစ်ကြိမ်တွင် ပြတ်ပြတ်သားသား ပြောခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ “လိုအပ်ရင်တော့ သက်တမ်းတိုးပေးမှာပါ” ဟု ဆိုသည်။ နောက်အဖြေတစ်ခုတွင်မူ “ကြည့်ရတာပေါ့၊ တိုးပေးဖို့ လိုမလိုတော့ မသိဘူး။ တိုးပေးစရာ မလိုတာကတော့ အကောင်းဆုံးပေါ့” ဟု ဖြေကြားခဲ့သည်။

ဧပြီလ ၁၈ ရက်၊ စနေနေ့က အိမ်ဖြူတော်၏ Oval Office အတွင်း သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ်။ (ဓာတ်ပုံ – Julia Demaree Nikhinson/AP)






