နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်

အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာ ခဲ့သည်။

MIT တက္ကသိုလ်မှ နျူကလီးယား ရူပဗေဒပညာရှင် ပါမောက္ခတစ်ဦးသည် မန်ဆာချူးဆက် ပြည်နယ်ရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးမှာလည်း နယူးမက္ကဆီကိုရှိ ၎င်း၏နေအိမ်မှ ပျောက်ဆုံး သွားခဲ့ သည်။ အာကာသအင်ဂျင်နီယာတစ်ဦးမှာမူ လော့စ်အိန်ဂျလိစ်တွင် တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့သည်။

အမေရိကန်၏ ထိခိုက်လွယ်သော နျူကလီးယားနှင့် အာကာသ သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသူ အနည်းဆုံး ၁၀ ဦးမှာ မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်များသည် အပြန်အလှန် ဆက်စပ်မှုရှိမရှိနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေပြီး မသမာသော လုပ်ရပ်များ ဖြစ်နိုင်ခြေရှိကြောင်း အွန်လိုင်းတွင် ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

FBI က “ပျောက်ဆုံးနေသူများနှင့် သေဆုံးသွားသော သိပ္ပံပညာရှင်များအကြား ဆက်စပ်မှု ရှိ၊ မရှိကို ရှာဖွေဖော်ထုတ်ရန် ဦးဆောင်ကြိုးပမ်းနေကြောင်း” ယခုအခါ ပြောကြားထားပြီး၊ “အဖြေရှာနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန၊ စစ်ဝန်ကြီးဌာန (Department of War) နှင့် ပြည်နယ်နှင့် ဒေသန္တရ ဥပဒေစိုးမိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

သီးခြားအနေဖြင့် ရီပတ်ဘလစ်ကန်ဦးဆောင်သော အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီကလည်း ထိုပုဂ္ဂိုလ်များ ပျောက်ဆုံး၊ သေဆုံးမှုအစီရင်ခံစာများကို စုံစမ်း စစ်ဆေးမည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။ ကော်မတီက ထိုပုဂ္ဂိုလ်များသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ရယူခွင့်ရှိသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအစီရင်ခံစာများသည် သေဆုံးမှုနှင့် ပျောက်ဆုံးမှုများအကြား “မကောင်းမှုနှင့် ဆက်စပ်မှု (sinister connection)” ရှိနိုင်ခြေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး FBI၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် NASA တို့ထံမှ ရှင်းလင်းတင်ပြမှုများကို တောင်းခံထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ကော်မတီသို့ တိုက်ရိုက်ပြန်လည်ဖြေကြားမည်ဟုသာ ပြောကြားခဲ့ပြီး၊ စွမ်းအင်ဝန်ကြီးဌာနကမူ မေးခွန်းများကို အိမ်ဖြူတော်သို့သာ လွှဲပြောင်း ပေးခဲ့သည်။

NASA က X (ယခင် Twitter) ပေါ်ရှိ ပို့စ်တစ်ခုတွင် သိပ္ပံပညာရှင်များနှင့်ပတ်သက်၍ “သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း” ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာတော့ NASA နဲ့ ဆက်စပ်ပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ဘာလက္ခဏာမှ မတွေ့ရသေးပါဘူး” ဟု NASA ပြောရေးဆိုခွင့်ရှိသူ ဘက်သနီ စတီဗင်းစ်(Bethany Stevens )က ပြောကြားခဲ့သည်။

ဖြစ်ရပ်များမှာ တစ်ခုနှင့်တစ်ခု အခြေအနေချင်း ကွာခြားလှသည်။ အချို့မှာ မဖြေရှင်း နိုင်သေးသည့် လူသတ်မှုများဖြစ်ပြီး အချို့မှာ မသမာမှုအရိပ်အယောင်မရှိသည့် ပျောက်ဆုံးမှု များဖြစ်သည်။ အနည်းဆုံး ဖြစ်ရပ်နှစ်ခုတွင် မိသားစုဝင်များက ကျန်းမာရေးအခြေအနေ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကိုသာ အကြောင်းရင်းအဖြစ် ညွှန်ပြခဲ့ကြသည်။ အာဏာပိုင်များကလည်း ယခုအချိန်အထိ ဖြစ်ရပ်များအကြား မည်သည့်ဆက်စပ်မှုကိုမျှ အတည်မပြုနိုင်သေးပေ။

အိမ်ဖြူတော်ကလည်း ပြီးခဲ့သည့်အပတ်တွင် ဖြစ်ရပ်များအကြား အလားအလာရှိသော ဆက်စပ်မှုများကို စုံစမ်းရန် ဖက်ဒရယ်အေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က ယင်းကိစ္စကို “အတော်လေး ပြင်းထန်တဲ့ ကိစ္စရပ် (pretty serious stuff)” ဟု ရည်ညွှန်းခဲ့သည်။

“ဒါဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ဖို့ဆိုတာ အင်မတန် မဖြစ်နိုင်ပါဘူး” ဟု အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ဂျိမ်းစ်ကိုမာ(James Comer) က Fox News သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ “လွှတ်တော်က ဒါကို အရမ်းစိုးရိမ်ပါတယ်။ ဒါဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော်တို့ ရှုမြင်တဲ့အတွက် ကျွန်တော်တို့ ကော်မတီရဲ့ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာပါပြီ။”

ဒီမိုကရက်တစ် အမတ်ဂျိမ်းစ် ဝါလ်ကင်ရှော(James Walkinshaw) ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်ကို သဘောတူသော်လည်း ယင်းဖြစ်ရပ်များ နောက်ကွယ်တွင် စနစ်တကျ စီစဉ်ထားသော ရည်ရွယ်ချက်ရှိသည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်မှာ နျူကလီးယား သိပ္ပံပညာရှင်နဲ့ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာ ရှိပါတယ်။ လူ ၁၀ ယောက်ကို ပစ်မှတ်ထားရုံနဲ့ နိုင်ငံခြားရန်သူတစ်ယောက်က သိသိသာသာ ထိခိုက် အောင် လုပ်နိုင်တဲ့ နျူကလီးယား စီမံကိန်းမျိုး မဟုတ်ပါဘူး” ဟု ဝါလ်ကင်ရှော က CNN သို့ ပြောကြားခဲ့သည်။

ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ကွဲပြားသော အခြေအနေများ

ဥပဒေပြုအမတ်များ၏ ပြောကြားချက်အရ လျှို့ဝှက်ဆန်းကြယ်သော သေဆုံး၊ ပျောက်ဆုံး မှုများသည် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး NASA ၏ Jet Propulsion Laboratory (JPL) တွင် ၂၅ နှစ်နီးပါး အလုပ်လုပ်ခဲ့သူ သိပ္ပံပညာရှင် မိုက်ကယ်ဒေးဗစ် ဟစ်စ်(Michael David Hicks) သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် ဟစ်စ် သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် သေဆုံးခဲ့သည်။ သူသည် JPL တွင် ရှိစဉ်က ကြယ်တံခွန်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများအကြောင်းကို အထူးပြု လေ့လာခဲ့သူဖြစ်သည်။ သူ၏ သေဆုံးရသည့် အကြောင်းရင်းကို ထုတ်ဖော်ခြင်းမရှိပေ။

သူ၏သမီးဖြစ်သူဂျူလီယာ ဟစ်စ် (Julia Hicks) က သူမ၏ဖခင်မှာ ကျန်းမာရေးပြဿနာများ ရှိခဲ့ကြောင်းနှင့် မကြာသေးမီက ထွက်ပေါ်လာသည့် ထင်ကြေးပေးမှုများကြောင့် စိုးရိမ် ထိတ်လန့် နေရကြောင်း CNN သို့ ပြောကြားခဲ့သည်။

“ကျွန်မ အဖေအကြောင်း သိသလောက်ဆိုရင် သူ့ကို ဒီဖက်ဒရယ် စုံစမ်းစစ်ဆေးမှုထဲ ဆွဲထည့် ရလောက်တဲ့ အကြောင်းပြချက် မရှိပါဘူး။ ကျွန်မ အဖေရဲ့ သေဆုံးမှုနဲ့ တခြားပျောက်ဆုံး နေတဲ့ သိပ္ပံပညာရှင်တွေအကြား ဘယ်လိုဆက်စပ်နေလဲဆိုတာ နားမလည်နိုင်ဘူး” ဟု သူမက ဆိုသည်။

နောက်ပိုင်းနှစ်များတွင် JPL နှင့် ဆက်နွှယ်သူ အခြားအချို့လည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။ အာကာသသုတေသနပညာရှင် ဖရင့်မိုင်ဝါးဒ်(Frank Maiwald) သည် ၂၀၂၄ ခုနှစ်တွင် အသက် ၆၁ နှစ်အရွယ်၌ လော့စ်အိန်ဂျလိစ်တွင် သေဆုံးခဲ့သည်။ အသက် ၆၀ အရွယ် အာကာသအင်ဂျင်နီယာ မိုနီကာရေဇာ(Monica Reza) သည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် လော့စ်အိန်ဂျလိစ် တောအုပ်တစ်ခုအတွင်း တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့သည်။ သူမသည် NASA ၏ Materials Processing Group တွင် ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီး ဝီလီယံ နီးလ် မက်ကက်စလန်(William Neil McCasland) သည်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က နယူးမက္ကဆီကိုရှိ ၎င်း၏နေအိမ်မှ ထွက်ခွာ သွားပြီးနောက်ပိုင်း ပြန်မတွေ့ရတော့ပေ။ ၎င်း၏ ဖုန်း၊ မျက်မှန်နှင့် ဝတ်ဆင်ရသော နည်းပညာ ပစ္စည်းများကို အိမ်တွင် ချန်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် FBI က ရှာဖွေရေးတွင် ပါဝင်ကူညီနေသည်။

မက်ကက်စလန် သည် ပင်တဂွန်၏ အဆင့်မြင့်ဆုံး အာကာသသုတေသနလုပ်ငန်းများ၏ အဓိကနေရာတွင် ရှိခဲ့သူဖြစ်ပြီး Wright-Patterson လေတပ်အခြေစိုက်စခန်းရှိ လေတပ် သုတေသနဓာတ်ခွဲခန်းကို ကွပ်ကဲခဲ့သူဖြစ်သည်။ ၎င်း၏ဇနီးဖြစ်သူကမူ ၎င်းပျောက်ဆုံးမှုမှာ UFO များနှင့် ပတ်သက်မှုမရှိကြောင်း လူမှုကွန်ရက်တွင် ငြင်းဆိုထားသည်။

နယူးမက္ကဆီကိုရှိ အဓိက နျူကလီးယား သုတေသနဌာနဖြစ်သော လော့စ် အယ်မော့ အမျိုးသား ဓါတ်ခွဲခန်း(Los Alamos National Laboratory) တွင် အလုပ်လုပ်ခဲ့သည့် မယ်လီဆာ ကပ်စီရပ် (Melissa Casias) နှင့် အန်တိုနီ ချာဗက်ဇ် (Anthony Chavez) တို့မှာ လည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။

သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း

မကြာသေးမီလများအတွင်း နာမည်ကျော် သိပ္ပံပညာရှင်အချို့ သေဆုံးမှုကလည်း ထင်ကြေး ပေးမှုများကို မြင့်တက်စေခဲ့သည်။

MIT မှ ပါမောက္ခ နူမို အက်ဖ်ဂျီ လိုရီရို (Nuno F.G. Loureiro) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ဘော့စတွန်ရှိ ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အသက် ၄၇ နှစ်အရွယ်ရှိ ရူပဗေဒနှင့် ပေါင်းစပ်နျူကလီးယား (fusion) ပညာရှင်ဖြစ်သူ လိုရီရို (Loureiro) သည် MIT ၏ Plasma Science and Fusion Center ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

နက္ခတ်ရူပဗေဒပညာရှင် ကားလ် ဂရီးမိုင်ရာ (Carl Grillmair) သည်လည်း ဖေဖော်ဝါရီလတွင် လော့စ်အိန်ဂျလိစ်ရှိ ၎င်း၏နေအိမ်၌ သေနတ်ဖြင့် အပစ်ခံရကာ သေဆုံးခဲ့သည်။ သူသည် NASA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး နေအဖွဲ့အစည်းပြင်ပရှိ ဂြိုဟ်များပေါ်တွင် ရေ ရှာဖွေရေး လေ့လာမှုများကြောင့် လူသိများသူ ဖြစ်သည်။

ထို့အပြင် UFO နှင့်ပတ်သက်၍ လွှတ်တော်တွင် ထွက်ဆိုရန်ရှိသည့် လေတပ်ထောက် လှမ်းရေး အရာရှိဟောင်း မက်သယူး ဂျိမ်းဆူလေဗန်(Matthew James Sullivan) မှာလည်း ၂၀၂၄ ခုနှစ်တွင် သေဆုံးခဲ့သည်။ ရီပတ်ဘလစ်ကန်အမတ် အဲရစ် ဘာလီဆန် (Eric Burlison) က ဆူလေဗန်(Sullivan) ၏ သေဆုံးမှုမှာ သံသယဖြစ်ဖွယ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

သမ္မတ ထရန့်က ယင်းဖြစ်ရပ်များသည် တိုက်ဆိုင်မှုသာဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သော်လည်း “နောက်တစ်ပတ်ခွဲအတွင်းမှာ အဖြေသိရတော့မှာပါ” ဟု သတင်းထောက်များ ကို ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလီဗစ်(Karoline Leavitt) က အေဂျင်စီ အားလုံးသည် ဖြစ်ရပ်အားလုံးကို ပေါင်းစည်းသုံးသပ်ပြီး တူညီသည့် အချက်အလက်များ ရှိ၊ မရှိကို စေ့စေ့စပ်စပ် ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူး ကက်ရှ ပက်တဲလ်(Kash Patel) ကလည်း “လျှို့ဝှက်သတင်း အချက်အလက် ကိုင်တွယ်ခွင့် ဒါမှမဟုတ် နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ မသမာတဲ့ လုပ်ရပ် ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုတွေနဲ့ ဆက်စပ်နေတာတွေ့ရင် FBI အနေနဲ့ သင့်တော်တဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင် သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အငြိမ်းစားလေတပ်ဗိုလ်ချုပ် ဝီလျံ နီးလ် မက်ကာစ်လန်း (Maj. Gen. William Neil McCasland)အမေရိကန်လေတပ် မက်ကာစ်လန်းသည် ပင်တဂွန်၏ အချို့သော အစိတ်အပိုင်းများ၏ ဗဟိုချက်တွင် ရှိခဲ့သည်။(ပုံ)

မယ်လီဆာ ကာဆီးယပ်စ်(Melissa Casias) နယူးမက္ကဆီကို အများပြည်သူလုံခြုံရေးဌာန(ပုံ)

အန်သိုနီ ချာဗက်ဇ်၊ လော့စ်အလာမို့စ် ကောင်တီ ရဲဌာန (Anthony Chavez, Los Alamos County Police Department)(ပုံ)

Nuno Loureiro သည် MIT တွင် နျူကလီးယားသိပ္ပံနှင့် အင်ဂျင်နီယာနှင့် ရူပဗေဒပါမောက္ခတစ်ဦးဖြစ်သည်(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက