ဧပြီလ (၂၄)ရက်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့ “ 果敢资讯网” ဆိုတဲ့ နာမည်နဲ့ လိုဂိုတွေကို တရားမဝင် အသုံးပြုပြီး သတင်းအမှားတွေနဲ့ ကြေညာချက်အတုတွေနဲ့ ဖြန့်ဝေနေတဲ့ Facebook Page အတုတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ Page အတုတွေဟာ Follower အရေအတွက် (၂၀) ဝန်းကျင်ခန့်သာရှိပြီး MNDAA ရဲ့ အမည်ကို အသုံးပြုကာ လိမ်လည်ဖန်တီးထားတဲ့ စာရွက်စာတမ်းတုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေနေတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို နာမည်နဲ့ လိုဂိုကို အလွဲသုံးစားပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဖို့ သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေနေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး Page အတုတွေက ဖော်ပြနေတဲ့ ကြေညာချက်တွေနဲ့ အကြောင်းအရာတွေဟာ လုံးဝ(လုံးဝ) မသက်ဆိုင်ဘူးလို့ ရေးသားထားပါတယ်။
နောက်ပြီး ပြည်သူတွေအနေနဲ့ အဲ့ဒီ Page အတုတွေကနေ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေကို ယုံကြည်တာ၊ ထပ်ဆင့်ဝေမျှတာတွေ မလုပ်ကြဘဲ Fake Page အနေနဲ့ Report ပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မြောက်ပိုင်းရှမ်းပြည်နယ်နဲ့ ကိုးကန့်ဒေသဆိုင်ရာ တိကျမှန်ကန်တဲ့ မြေပြင်သတင်းတွေကို Follower များစွာရှိတဲ့ တရားဝင် စစ်မှန်တဲ့ The Kokang သတင်းစာမျက်နှာတွေကနေသာ ယုံကြည်စိတ်ချစွာ စောင့်ကြည့်ဖတ်ရှုကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။









