အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့
ဧပြီလ (၂၄)ရက်။
မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။
“ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို စစ်တပ်က ရွှေဘို ခလရ(၄၂)ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း (၃)စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
မုဆိုးခြုံ(ရွာမ)ရွာရဲ့ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ရဲ့ ရွှေဘိုမြို့ ခလရ(၄၂)ကနေ အသေခံဒရုန်း (၃)စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့သလို စာသင်ကြားနေတဲ့ (၈)တန်းကျောင်းသားကျောင်းသူ (၆)ဦးနဲ့ ဆရာမ(၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို စစ်တပ်ဟာ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်သဖွယ် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်တာတွေကို နေ့တိုင်းပြုလုပ်နေတာကြောင့် ပြည်သူတွေ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ မြို့နယ်ပကဖက အသိပေးထားတယ်လို့ သိရပါတယ်။










