ဧပြီလ (၂၅)ရက်။
ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ တပ်စွဲထားတာလို့ ဆိုပါတယ်။
အဲ့ဒီစခန်းကို ဧပြီလ (၂၀)ရက်နေ့ကစတင်ပြီး KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကာ မနေ့က နေ့လယ် (၃)နာရီအချိန်မှာ အာဏာသိမ်းအကြမ်းဖက်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကာ KNLA ပူးပေါင်းတပ်တွေက အပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး KNU က ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် ဘိုဒါးရွာစစ်စခန်းကို KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၂၀၃)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။








