ဇွန်လ (၂၅)ရက်။
မေလ (၁၃)ရက်နဲ့ ဇွန်လ (၁၉)ရက်တို့မှာ မိုးဗြဲနယ်အနီးဝန်းကျင်တနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ အယ်လ်ဖာဇုံ(မိုးဗြဲနယ်)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကစက နယ်မြေပြန်စိုးမိုးနိုင်ဖို့ဆိုပြီး တပ်အရှေ့တန်းကာကင်းရှိတဲ့နေရာကို (၂)ကြိမ် ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်ရေးအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာ” လို့ ဆိုပါတယ်။
ဒီလိုထိုးစစ်ဆင်လာတာကို တော်လှန်ရေးတပ်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်အပါအဝင် (၁၉)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။
မိုးဗြဲစစ်မျက်နှာထဲ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဧရိယာအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို မြေပြင်ထိုးစစ်နဲ့ ဝေဟင်စစ်ဆင်ရေးတွေ အင်အားသုံး ဆောင်ရွက်လာနိုင်ကာ ပြည်သူတွေ လုံခြုံရေးသတိထားဖို့ အသိပေးထားပါတယ်။
စစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ် ခေတ်အဆက်ဆက် အကြောက်တရားတွေ၊ အယောင်ပြဖွံ့ဖြိုးရေး၊ အတုအယောင် ငြိမ်းချမ်းရေးနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ နည်းပရိယာယ်တွေ အသုံးပြုခဲ့တဲ့ အတိတ်သမိုင်းသာဓကတွေကို သင်ခန်းစာယူပြီး စစ်ရေး၊ နိုင်ငံရေး သတိရှိ နိုးကြားကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အမှတ်(၁)စစ်ဒေသ အယ်လ်ဖာဇုံ(မိုးဗြဲနယ်)တပ်အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမူကို ဆုပ်ကိုင်ပြီး တော်လှန်ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်ရပ်တည် တွန်းလှန်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။







