ဇွန်လ (၂၄)ရက်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့ (၂၆)ဖွဲ့က ကိုယ်စားလှယ်ပေါင်း (၈၁)ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ကရင်အမျိုးသားအဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာဖို့၊ ကော်သူးလေ တည်ဆောက်တဲ့လုပ်ငန်းစဉ်မှာ တိုးမြှင့်အားစိုက် လုပ်ဆောင်ဖို့ သဘောထားချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဆွေးနွေးပွဲမှာ နိုင်ငံရေးအခြေအနေတွေ၊ KNU ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ချဉ်းကပ်မှုတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့လုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးအရွေ့တွေကို ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ယူနစ်ပေါ်ထွန်းလာဖို့၊ တော်လှန်ရေးကာလ ကော်သူးလေပဋိဉာဉ်၊ ကော်သူးလေ အတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီတို့ရဲ့ အခန်းကဏ္ဍတွေနဲ့ ကော်သူးလေ(ကရင်ပြည်) ဖွဲ့စည်းပုံအခြေခံဥပဒေ(အဆိုပြုတတိယမူကြမ်း)ဆိုင်ရာ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြပြီး အကြံပြုချက်တွေ ရယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် ကရင့်နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ အခြားအမျိုးသားအဖွဲ့တွေအကြား ပိုမိုနားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့နဲ့ နိုင်ငံတည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့လဲ သိရပါတယ်။






