CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
ယူကရိန်း၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ညှိနှိုင်းရေးမှူးများသည် သောကြာနေ့က အာရပ် စော်ဘွားများပြည်ထောင်စု (UAE) တွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။ ယင်းသည် ၂၀၂၂ ခုနှစ် ရုရှား၏ အပြည့်အဝကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း ၎င်းသုံးနိုင်ငံလုံး ပထမဆုံး အကြိမ် တက်ရောက်သည့် အစည်းအဝေးဖြစ်သည်။
ကရင်မလင် နန်းတော်အကြံပေး ယူရီအူရှာကော့ဗ် (Yury Ushakov) က အဘူဒါဘီမြို့တွင် ကျင်းပသည့် “ လုံခြုံရေးဆိုင်ရာ သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့၏ ပထမဆုံး အစည်းအဝေး” သို့ ရုရှားကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး၏ ပြောကြားချက်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ၏ ကြိုတင်တွေ့ဆုံမှု
ဤဆွေးနွေးပွဲများ မတိုင်မီ ကြာသပတေးနေ့ ညနှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတီ့ဗ်ဝစ်ကော့ဖ် (Steve Witkoff)နှင့် သားမက်ဖြစ်သူ ဂျဲရတ်ကွပ်ရှနာ(Jared Kushner) တို့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သုံးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ အကြံပေး အူရှာကော့ဗ်(Ushakov) က ယင်းတွေ့ဆုံမှုကို “ အလွန်အနှစ်သာရရှိပြီး၊ တည်ဆောက်ပုံကျကာ ပွင့်လင်းမြင်သာမှုရှိသော လျှို့ဝှက်ဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့သည်။
သို့သော်လည်း ၎င်းက “ နယ်မြေပိုင်ဆိုင်မှုကိစ္စကို မဖြေရှင်းနိုင်ဘဲ ရေရှည်တည်ငြိမ်မှုကို မမျှော်လင့်နိုင်ကြောင်း” နှင့် သဘောတူညီချက်မရမချင်း ရုရှားတပ်ဖွဲ့များသည် စစ်မြေပြင် တွင် ၎င်းတို့၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သတိပေးခဲ့သည်။
အဓိက အကျပ်အတည်း- “ နယ်မြေပိုင်ဆိုင်မှု”
၄ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က ဦးဆောင်သည့် ကြိုးပမ်းမှုများသည် ယခုထက်ထိ တိုက်ပွဲများကို ရပ်တန့်နိုင်ခြင်း မရှိသေးပေ။
ရုရှား၏ သိမ်းပိုက်မှု။ လက်ရှိတွင် ရုရှားသည် ယူကရိန်းပိုင်နက်၏ ၂၀ ရာခိုင်နှုန်းခန့် (လူဟန့်စ်ဒေသတစ်ခုလုံးနီးပါးနှင့် ဒိုးနက်စ်၊ ခါဆန်၊ ဇာပိုရီရှား ဒေသအချို့) ကို သိမ်းပိုက်ထားသည်။
မော်စကို၏ တောင်းဆိုချက်။ ရုရှားက ၎င်းတို့ အပြည့်အဝ မသိမ်းပိုက်နိုင်သေးသည့် အဆိုပါ ဒေသလေးခုလုံးကို ယူကရိန်းက လက်လွှတ်ပေးရန် တောင်းဆိုထားသည်။
အမေရိကန်၏ သဘောထား။ ထရန့်အစိုးရသည် ယူကရိန်းကို ငြိမ်းချမ်းရေးစာချုပ်ကို လက်ခံရန် ဖိအားပေးနေသော်လည်း ယင်းသည် ရုရှားအတွက် အသာစီးရစေမည်ကို စိုးရိမ်မှုများ ရှိနေသည်။
ဒါးဗို့စ် (Davos) တွင် ပြုလုပ်သည့် ပွဲတစ်ခု၌ အထူးသံတမန် ဝစ်ကော့ဖ် (Witkoff) က ဆွေးနွေးမှုများသည် “ ပြဿနာတစ်ခုတည်း” (နယ်မြေကိစ္စ) အထိ ကျဉ်းမြောင်း သွားပြီ ဖြစ်ကြောင်းနှင့် ယင်းကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ထရန့်ကလည်း “ သူတို့ (ပူတင်နဲ့ ဇလန်းစကီး) အခုအချိန်မှာ သဘောတူညီချက်ရအောင် လုပ်သင့်ပြီ၊ မလုပ်ရင်တော့ သူတို့ဟာ လူမိုက်တွေပဲ” ဟု မှတ်ချက်ပြုခဲ့သည်။
စစ်မြေပြင် အခြေအနေနှင့် သံတမန်ရေးရာ
သံတမန်ရေးရာ ကြိုးပမ်းမှုများ ပြင်းထန်နေစဉ်အတွင်း ရုရှားသည် ဘောလ်တစ် ပင်လယ် ပေါ်တွင် ဗုံးကြဲလေယာဉ်များဖြင့် ငါးနာရီကြာ ပျံသန်းကာ ၎င်းတို့၏ စစ်အင်အားကို ထုတ်ဖော်ပြသခဲ့သည်။
တစ်ဖက်တွင်လည်း ယူကရိန်းသည် ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အပြင်းအထန် အေးစက်သော ရာသီဥတုတွင် အပူပေးစနစ်မရရှိဘဲဖြစ်နေသည့် လူပေါင်း ၁ သန်းကျော်အတွက် လျှပ်စစ်မီး ပြန်လည်ရရှိရန် ရုန်းကန်နေရသည်။ ယူကရိန်း စွမ်းအင်ဝန်ကြီးက ၂၀၂၂ ခုနှစ်နှောင်းပိုင်းနောက်ပိုင်း ၎င်းတို့၏ လျှပ်စစ်ဓာတ်အားစနစ်သည် အခက်ခဲဆုံးနေ့ရက်များကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။








