AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက်
အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War) ဆင်နွှဲကြောင်း ကြေညာလိုက်သည်။ စစ်သွေးကြွ အကြမ်းဖက်မှုများနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများ ကျရှုံးခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် ပဋိပက္ခများ အရှိန်မြင့်လာခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်။
နောက်ဆုံးရသတင်း- ၂၀၂၆ခုနှစ် ၂လ ၂၇ရက် ၀၉:၂၄ နာရီ
ပါကစ္စတန်သည် သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လပေါင်းများစွာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းနှစ်နိုင်ငံကြား “ထိပ်တိုက် စစ်ပွဲ” ဖြစ်ပွားနေပြီဟု ကြေညာခဲ့သည်။
ကဘူးလ်နှင့် ကန်ဒါဟာ (Kandahar) မြို့ရှိ AFP သတင်းထောက်များက မိုးမလင်းမီ အချိန်အထိ ဗုံးပေါက်ကွဲသံများနှင့် ဂျက်လေယာဉ်များ ပျံသန်းသံများကို ကြားခဲ့ရသည်။ ယခုစစ်ဆင်ရေးသည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း အာဖဂန်မြို့တော်ကို ပါကစ္စတန်က အကြီးကျယ်ဆုံး ဗုံးကြဲခြင်းဖြစ်ပြီး တာလီဘန်တို့၏ တောင်ပိုင်းအခြေစိုက်စခန်းကို ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
အဓိကကျသော တိုခမ်နယ်စပ်ဂိတ်အနီးတွင် သောကြာနေ့နံနက်ပိုင်းက လက်နက်ကြီး သံများကို ကြားခဲ့ရကြောင်း AFP သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပြီး ပါကစ္စတန်မှ ပြန်လာသည့် အာဖဂန်ဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုလည်း ညတွင်းချင်း တိုက်ပွဲများအတွင်း ထိမှန်ခဲ့သည်။
“ကလေးတွေ၊ အမျိုးသမီးတွေနဲ့ လူကြီးတွေ အကုန်ပြေးနေကြရတယ်” ဟု အိုမာရီ ဒုက္ခသည် စခန်းရှိ တဲတန်းများရှေ့တွင် အသက် ၆၅ နှစ်အရွယ် ဂန္ဒါခန်း (Gander Khan) က AFP သို့ ပြောကြားခဲ့သည်။
ပါကစ္စတန်၏ ယခုစစ်ဆင်ရေးသည် ကြာသပတေးနေ့ညက အစ္စလာမ္မာဘတ်၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အာဖဂန်တပ်ဖွဲ့များက ပါကစ္စတန်နယ်စပ်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးသည် မကြာသေးမီလများအတွင်း ဆိုးရွားလာခဲ့ပြီး၊ နှစ်ဖက်စလုံးမှ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့သည့် အောက်တိုဘာလ တိုက်ပွဲများနောက်ပိုင်း ကုန်းလမ်းနယ်စပ်ဂိတ်များကို အများအားဖြင့် ပိတ်ထားခဲ့သည်။
ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်သွေးကြွအုပ်စုများကို အာဖဂန်နစ္စတန်က အရေးယူရန် ပျက်ကွက်နေသည်ဟု အစ္စလာမ္မာဘတ်က စွပ်စွဲ ထားသော်လည်း တာလီဘန်အစိုးရက ငြင်းဆိုထားသည်။ တိုက်ခိုက်မှုအများစုကို ၂၀၂၁ ခုနှစ် တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း ပါကစ္စတန်အတွင်း တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင် လာသည့် Tehreek-e-Taliban Pakistan (TTP) အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ် (Khawaja Asif) က တာလီဘန်အစိုးရနှင့် “အလုံးစုံ ရင်ဆိုင်တိုက်ခိုက်တော့မည်” ဟု ကြေညာခဲ့ပြီး ၎င်း၏ X (ယခင် Twitter) အကောင့်တွင် “အခုတော့ ငါတို့နဲ့ မင်းတို့ကြားမှာ ပွင့်လင်းစစ်ပွဲ ဖြစ်ပြီ” ဟု ရေးသားခဲ့သည်။
– နုနယ်သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခြင်း –
ယခုညတွင်းချင်း တိုက်ခိုက်မှုများသည် “ယခင်ပဋိပက္ခများထက် ပိုမိုသိသာထင်ရှားပြီး အန္တရာယ်ရှိသော အခြေအနေဆိုးသို့ ရောက်ရှိသွားခြင်းဖြစ်သည်” ဟု တောင်အာရှရေးရာ ကျွမ်းကျင်သူ မိုက်ကယ်ကူဂယ်လ်မန်း (Michael Kugelman) က X တွင် ရေးသားခဲ့သည်။
“ပါကစ္စတန်ဟာ သူ့ရဲ့ပစ်မှတ်ကို TTP အဖွဲ့တင်မကဘဲ တာလီဘန်အစိုးရကိုယ်တိုင်ဆီအထိ တိုးချဲ့လိုက်ပုံရတယ်” ဟု ၎င်းက ဆိုသည်။
ကာတာနှင့် တူရကီတို့ ကြားဝင်စေ့စပ်ပေးသည့် ကနဦး အပစ်အခတ်ရပ်စဲရေးအပြီးတွင် အစ္စလာမ္မာဘတ်နှင့် ကဘူးလ်တို့အကြား ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း ရေရှည်သဘောတူညီချက် မရရှိခဲ့ပေ။
အောက်တိုဘာလအတွင်း အာဖဂန်နစ္စတန်က ဖမ်းဆီးထားသည့် ပါကစ္စတန်စစ်သား သုံးဦးကို လွှတ်ပေးရန် ဆော်ဒီအာရေးဗီးယားက ယခုလတွင် ကြားဝင်စေ့စပ်ပေးခဲ့သေးသည်။ အာဖဂန်၊ ပါကစ္စတန်တို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် အီရန်ကလည်း “ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန်” ကူညီပေးမည်ဟု သောကြာနေ့တွင် ကမ်းလှမ်းခဲ့သည်။ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးသည်လည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် စကား ပြောဆိုခဲ့ပြီး၊ တရုတ်နိုင်ငံကလည်း တည်ငြိမ်မှုရှိရန် တိုက်တွန်းရင်း နှစ်နိုင်ငံစလုံးနှင့် “ပူးပေါင်းဆောင်ရွက်နေသည်” ဟု ဆိုသည်။
အာဖဂန်နှင့် ပါကစ္စတန် စစ်တပ်နှစ်ဖက်စလုံးက မကြာသေးမီက နယ်စပ်အကြမ်းဖက်မှုများ အတွင်း စစ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
–
ကောင်းကင်ယံမှ ဂျက်လေယာဉ်များ –
အာဖဂန်မြို့တော်တွင် AFP သတင်းထောက်များသည် ဂျက်လေယာဉ်သံများ၊ ကျယ်လောင် သော ပေါက်ကွဲသံများနှင့်အတူ နာရီပေါင်းများစွာကြာအောင် သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရသည်။ အာဖဂန်၏ အဓိကခေါင်းဆောင် ဟိုင်ဘာတူလာ အာခွန်ဇာဒါ (Hibatullah Akhundzada) အခြေစိုက်သည့် ကန်ဒါဟာမြို့ရှိ AFP သတင်းထောက်တစ်ဦးကလည်း ဂျက်လေယာဉ်များ ပျံသန်းသံကို ကြားခဲ့ရသည်ဟု ဆိုသည်။
အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် အာဖဂန်နစ္စတန်တွင် ရာမဒန်ဥပုသ်လအတွင်း သောကြာနေ့ဖြစ်သောကြောင့် ကဘူးလ်မြို့၏ လမ်းမများမှာ မိုးလင်းချိန်တွင် တိတ်ဆိတ်လျက်ရှိသည်။
တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) က ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကို အတည်ပြုခဲ့သော်လည်း ထိခိုက်သေဆုံးသူ မရှိဟု ဆိုသည်။ သို့သော် လေကြောင်းတိုက်ခိုက်မှုမတိုင်မီ နာရီအနည်းငယ်အလိုတွင် မူဂျာဟစ်က “ပါကစ္စတန်စစ်တပ်၏ ထပ်တလဲလဲ ချိုးဖောက်မှုများကို တုံ့ပြန်ရန်” နယ်စပ်တွင် “အကြီးစား ထိုးစစ်ဆင်မှုများ” ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ကုန်းလမ်းတိုက်ပွဲများအတွင်း ၎င်းတို့၏ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တိုခမ်နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတွင် ပါကစ္စတန်၏ တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာရခဲ့ကြောင်း အာဖဂန်အရာရှိတစ်ဦးက ပြောသည်။ “လက်နက်ကြီးကျည်တစ်လုံး စခန်းကို ထိမှန်ခဲ့လို့ ဝမ်းနည်းစရာကောင်းတာက ဒုက္ခသည် ခုနစ်ဦး ဒဏ်ရာရသွားပါတယ်” ဟု နန်ဂါဟာပြည်နယ် ပြန်ကြားရေးအရာရှိ ကုရာရှီ ဘဒ်လွန် (Qureshi Badlun) က ဆိုသည်။
လပေါင်းများစွာ ကြာမြင့်လာသော နယ်စပ်အကြမ်းဖက်မှုများ –
ပါကစ္စတန်စစ်သား အများအပြားကို “အရှင်ဖမ်းမိထားသည်” ဟု မူဂျာဟစ်က AFP သို့ ပြောကြားခဲ့သော်လည်း ယင်းပြောဆိုချက်ကို အစ္စလာမ္မာဘတ်ရှိ ဝန်ကြီးချုပ်ရုံးက ငြင်းဆိုထားသည်။
ယခုစစ်ဆင်ရေးသည် ပါကစ္စတန်က နန်ဂါဟာနှင့် ပတ်တီကာ (Paktika) ပြည်နယ်များကို မကြာသေးမီက တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ (UN) ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးခဲ့ရသည်။ အင်္ဂါနေ့ကလည်း နှစ်ဖက်စလုံးတွင် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများရှိခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။
စစ်ရေးဆင်နွှဲမှုများအပြင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် မကြာသေးမီလများအတွင်း သေစေလောက်သော အသေခံဗုံးခွဲမှုများလည်း ဖြစ်ပွားခဲ့သည်။ ၎င်းတို့အနက် အစ္စလာမ္မာဘတ်ရှိ ရှီအာဗလီတစ်ခုအား တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် IS-Khorasan အဖွဲ့ကလည်း ပြီးခဲ့သည့်လက ကဘူးလ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အသေခံ ဗုံးခွဲခဲ့သည်။
သောကြာနေ့က လေကြောင်းတိုက်ခိုက်မှုများအပြီးတွင် အွန်လိုင်းပေါ်၌ သတင်းမှားများ ချက်ချင်းပျံ့နှံ့ခဲ့ပြီး ပေါက်ကွဲမှုကြီးတစ်ခု၏ ဗီဒီယိုသည် နာရီပိုင်းအတွင်း ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့သည်။ သို့သော် အဆိုပါ ဗီဒီယိုမှာ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲစတင်ချိန်က ရုပ်သံဖိုင်ဖြစ်ကြောင်း AFP ၏ အချက်အလက်စစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့သည်။

နန်ဂါဟာပြည်နယ်ရှိ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား တော်ခမ်နယ်စပ်ဂိတ်အနီးတွင် တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြစဉ် AFP (ပုံ)

ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဖြစ်သော ချာမန် (Chaman) မြို့တွင် ညတွင်းချင်း နယ်စပ်ဖြတ်ကျော် တိုက်ပွဲများဖြစ်ပွားပြီးနောက် ပါကစ္စတန်စစ်တပ်၏ တင့်ကားတစ်စီးကို တွေ့ရစဉ် © AFP (ပုံ)

ချာမန်မြို့ရှိ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဂိတ်အနီးတွင် ပါကစ္စတန်စစ်သားများ ကင်းလှည့်နေစဉ်
© AFP

ပါကစ္စတန်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အာဖဂန် အမျိုးသမီး တစ်ဦး ဂျလာလာဘတ် (Jalalabad) ရှိ ဆေးရုံတွင် ကုသမှုခံယူနေစဉ် © AFP (ပုံ)

နန်ဂါဟာပြည်နယ်ရှိ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား တော်ခမ်နယ်စပ်ဂိတ်အနီးတွင် တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြစဉ် AFP (ပုံ ၂)







