နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆

ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်တပ်ဖွဲ့ဝင်များကို စနေနေ့တွင် ချီးကျူးစကား ပြောကြားခဲ့သည်။

“ယူနိုက်တက်ကင်းဒမ်းရဲ့ ကြီးကျယ်ပြီး အရမ်းသတ္တိကောင်းတဲ့ စစ်သားတွေဟာ အမေရိကန် ပြည်ထောင်စုနဲ့အတူ အမြဲရှိနေမှာပါ!” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

“အာဖဂန်နစ္စတန်မှာ (ဗြိတိန်စစ်သား) ၄၅၇ ဦး သေဆုံးခဲ့တယ်၊ အများအပြားလည်း ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့တယ်၊ သူတို့ဟာ စစ်သည်တော်တွေထဲမှာ အကြီးကျယ်ဆုံးသော စစ်သည်တွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်လက်ရေးသားသည်။ “ဒါဟာ ဘယ်တော့မှ အဖျက်ဆီးမခံနိုင်တဲ့ ခိုင်မာလွန်းတဲ့ သံယောဇဉ်တစ်ခုပါ။ ကြီးမားတဲ့ နှလုံးသားနဲ့ ဝိညာဉ်ရှိတဲ့ ဗြိတိန်စစ်တပ်ဟာ (အမေရိကန်ပြီးရင်!) ဘယ်သူ့ကိုမှ မရှုံးပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးကို ချစ်ပါတယ်၊ အမြဲတမ်းလည်း ချစ်နေမှာပါ!”

အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့များ ပါဝင်မှုကို အရေးမပါသယောင် သမ္မတက လျှော့ချ ပြောဆိုခဲ့မှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုသတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ၏ ပြောကြားချက်များသည် နေတိုးအဖွဲ့ဝင် အမေရိကန် မဟာမိတ်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထို့အပြင် ယခုအပတ်အတွင်းမှာပင် အခြားနေတိုးအဖွဲ့ဝင်ဖြစ်သည့် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို သိမ်းပိုက်ထိန်းချုပ်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့ခြင်းကြောင့် မဟာမိတ် အဖွဲ့အကြား ဆက်ဆံရေး တင်းမာနေချိန်လည်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် အာဖဂန်စစ်ပွဲတွင်တာဝန်ထမ်းဆောင် ခဲ့သူ မင်းသား ဟယ်ရီ (Prince Harry) တို့သည်လည်း ထိုမှတ်ချက်များအပေါ် ဝေဖန်ခဲ့ကြသူ များတွင် ပါဝင်ပြီး၊ စတာမာက ယင်းပြောဆိုချက်များသည် “စော်ကားရာရောက်ပြီး အမှန် တကယ် စက်ဆုပ်ဖွယ်ကောင်းသည်” ဟု ဆိုခဲ့သည်။

စတာမာသည် စနေနေ့က ထရမ့်နှင့် ဖုန်းဖြင့် ဆွေးနွေးရာတွင် ယင်းကိစ္စကို ထည့်သွင်းပြောဆို ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် “အာဖဂန်နစ္စတန်တွင် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြပြီး အိမ်သို့ ပြန်မလာနိုင်တော့သည့် ရဲရင့်စွန့်စားသော ဗြိတိန်နှင့် အမေရိကန် စစ်သားများ” အကြောင်း ဆွေးနွေးခဲ့ကြကြောင်း ဒေါင်းနင်းလမ်း (Downing Street) ပြောရေးဆိုခွင့်ရှိသူက ပြောကြား သည်။

ဘုရင် ချားလ်စ် (King Charles) ကလည်း ထရမ့်၏ မှတ်ချက်များနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုများကို အိမ်ဖြူတော်သို့ အသိပေးခဲ့ကြောင်း Sun သတင်းစာက ဖော်ပြသည်။ ဘတ်ကင်ဟမ်နန်းတော်ကမူ ဤသတင်းအပေါ် CNN သို့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ သော်လည်း ငြင်းချက်ထုတ်ခြင်း မရှိပေ။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သည် နေတိုး၏ “အပိုဒ် ၅” (Article 5) ကို ပထမဆုံးနှင့် တစ်ခုတည်းသော အသုံးပြုသည့် နိုင်ငံဖြစ်လာခဲ့သည်။ ယင်းအပိုဒ်အရ အဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် အားလုံးကို တိုက်ခိုက်ခြင်းဟု သတ်မှတ်သည်။ ထို့ကြောင့် နှစ်ပေါင်း ၂၀ ကြာအောင် နေတိုးမဟာမိတ်များနှင့် အခြားမိတ်ဖက်နိုင်ငံများသည် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။

“ကျွန်တော်တို့ သူတို့ကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး” ဟု ထရမ့်က နေတိုးနှင့် ပတ်သက်၍ ကြာသပတေးနေ့က Fox Business နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ သူတို့ကို ဘာမှ တကယ်မတောင်းဆိုခဲ့ပါဘူး။ သူတို့က အာဖဂန်ကို တပ်ဖွဲ့အချို့ ပို့ခဲ့တယ် ဘာညာ ပြောကြလိမ့်မယ်။ ဟုတ်ပါတယ်၊ ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ရှေ့တန်းနဲ့ နည်းနည်း ဝေးတဲ့ နောက်တန်းမှာပဲ နေခဲ့ကြတာပါ”

“အကယ်၍ ကျွန်တော်သာ အဲဒီလို မှားယွင်းပြောဆိုမိတာ ဒါမှမဟုတ် အဲဒီစကားလုံးမျိုးတွေ သုံးမိတာဆိုရင် ကျိန်းသေပေါက် တောင်းပန်မိမှာပါ” ဟု စတာမာက သောကြာနေ့တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်ကမူ စတာမာ၏ ဝေဖန်မှုကို အစပိုင်းတွင် ဂရုမစိုက်ဘဲ ထရမ့်၏ ပြောကြား ချက်မှာ မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

“သမ္မတထရမ့် ပြောတာ လုံးဝမှန်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နေတိုးအဖွဲ့အတွက် အခြားအဖွဲ့ဝင်နိုင်ငံအားလုံး ပေါင်းထားတာထက်တောင် ပိုပြီး လုပ်ဆောင်ပေးခဲ့တာပါ” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တေလာ ရော်ဂျာ (Taylor Rogers) က စတာမာ၏ မှတ်ချက်များအပေါ် တုံ့ပြန်ရာတွင် ပြောကြားခဲ့သည်။

စနေနေ့က ဖုန်းခေါ်ဆိုမှုတွင် စတာမာနှင့် ထရမ့်တို့သည် “အာတိတ်ဒေသ လုံခြုံရေး မြှင့်တင်ရန် လိုအပ်မှု” ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ထရမ့်က “မူဘောင်သဘောတူညီချက်” (framework deal) တစ်ရပ် ကြေညာခဲ့ပြီးနောက် တစ်ပတ်ကြာ တင်းမာနေခဲ့သည့် သံတမန်ရေးရာများအပြီးတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ခေါင်းဆောင်နှစ်ဦးဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိနေဆဲဖြစ်တဲ့ ဗြိတိန်-အမေရိကန် ဆက်ဆံရေးရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဒေါင်းနင်းလမ်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူတို့ဟာ မကြာမီ ပြန်လည်စကားပြောဖို့ သဘောတူခဲ့ကြပါတယ်”

စနေနေ့တွင် ထရမ့်၏ လူမှုကွန်ရက်၌ ရေးသားချက်သည် ၎င်း၏ နေတိုးဆိုင်ရာ မှတ်ချက်များအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန် ရှေ့တန်းတွင် နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်း မင်းသားဟယ်ရီကမူ ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားရာတွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများသည် “မှန်မှန်ကန်ကန်နှင့် လေးလေးစားစား ပြောဆိုခံရရန် ထိုက်တန်ပါသည်” ဟု ဆိုသည်။

ထရမ့်၏ အမာခံမဟာမိတ်ဖြစ်သူ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) ပင်လျှင် ၎င်း၏ ပြောကြားချက်များကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

အီတလီအစိုးရအနေဖြင့် ထရမ့်၏ မှတ်ချက်များအပေါ် အံ့အားသင့်ရကြောင်း မီလိုနီက စနေနေ့တွင် X (ယခင် Twitter) ၌ ရေးသားခဲ့သည်။

“အာဖဂန်နစ္စတန်မှာ နေတိုးနိုင်ငံတွေရဲ့ ပါဝင်ကူညီမှုကို လျှော့ချပြောဆိုတဲ့ ထုတ်ပြန်ချက် တွေဟာ လက်ခံနိုင်စရာ မရှိပါဘူး၊ အထူးသဖြင့် မဟာမိတ်နိုင်ငံတစ်ခုဆီက လာတာဆိုရင် ပိုလို့တောင် လက်ခံလို့မရပါဘူး” ဟု သူမက ဆိုသည်။

မီလိုနီက အီတလီနှင့် အမေရိကန်သည် “ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုဖြင့် ဆက်နွှယ်နေဆဲ” ဖြစ်သည်ဟု ပြောသည်။

“ဒါပေမဲ့ ချစ်ကြည်ရင်းနှီးမှုဆိုတာ လေးစားမှုရှိဖို့ လိုပါတယ်။ ဒါဟာ အတ္တလန်တိတ် မဟာမိတ်အဖွဲ့ (Atlantic Alliance) ရဲ့ အနှစ်သာရဖြစ်တဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက် အာမခံနိုင်ဖို့အတွက် အခြေခံကျတဲ့ အချက်ဖြစ်ပါတယ်” ဟု သူမက ဆက်လက် ပြောကြား ခဲ့သည်။

အမေရိကန်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ဒိန်းမတ်တပ်ဖွဲ့ဝင်များကလည်း ထရမ့်၏ မှတ်ချက်များအပေါ် သစ္စာဖောက်ခံရသလို ခံစားရကြောင်း ဖော်ပြခဲ့ကြသည်။ ယင်းသည် ဂရင်းလန်းကျွန်းကို “ဝယ်ယူမည်” ဟု သမ္မတက ထပ်တလဲလဲ ခြိမ်းခြောက် ပြောဆိုခဲ့မှုများ ကြောင့် ပိုမိုဆိုးရွားသွားခဲ့ခြင်း ဖြစ်သည်။

စနေနေ့ သတင်းစကားတွင် ထရမ့်က ဗြိတိန်တပ်ဖွဲ့ဝင်များကို ချီးကျူးခဲ့သော်လည်း နှစ်ပေါင်း ၂၀ ကြာ ပဋိပက္ခအတွင်း စစ်သားများ ဆုံးရှုံးခဲ့ရသည့် အခြားနေတိုးအဖွဲ့ဝင် နိုင်ငံများကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ Wootton Bassett ရှိ High Street တစ်လျှောက် အာဖဂန်နစ္စတန်တွင် ကျဆုံးခဲ့သော ဗြိတိသျှစစ်သားနှင့် ရေတပ်သား ခုနစ်ဦး၏ အလောင်းများ ဖြတ်သန်းသွားသည်ကို ဝမ်းနည်းကြေကွဲနေသူများ မြင်တွေ့ရစဉ်။ Matt Cardy/Getty Images/File(ပုံ)

ထရန့်၏နေတိုးကိုနှိမ့်ချပြောဆိုမှု (ပုံ)

ဇန်နဝါရီ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ၊ Buckinghamshire ရှိ Chequers တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နှင့် တွေ့ဆုံမှုမတိုင်မီ ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာ (ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 4 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ