မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ မေ ၁၉ ရက်မှာ မုံရွာထောင်တွင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကိုဝေမိုးနိုင်ဟာ စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ် အထိ ရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မုံရွာမှာ ရဲနှစ်ဦး အသတ်ခံရတဲ့အမှုနဲ့ သက်ဆိုင်တယ်ဆိုပြီး အမှုတစ်ခု ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
အမိန့်ချပြီးတဲ့နောက် ကိုဝေမိုးနိုင်ကို မိခင်ဖြစ်သူနဲ့ ခေတ္တ တွေ့ခွင့်ပြုခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ်။
သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်မှာ ဆန္ဒပြနေစဥ် စစ်ကောင်စီက ကားနဲ့တိုက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ၆ မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှုကျူးလွန်စဥ် တစုံတယောက်ကိုနာကျင်စေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ စတဲ့ပုဒ်မတွေအပါအဝင် ပုဒ်မ ပေါင်း တစ်ဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
Era’sEyes /Photo /CJ